နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပုလဲမွေးမြူထုတ်လုပ်ရေးနှင့် သစ်တောဂေဟစနစ်များ၏ အခန်းကဏ္ဍ
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပုလဲမွေးမြူထုတ်လုပ်ရေးနှင့် သစ်တောဂေဟစနစ်များ၏ အခန်းကဏ္ဍ
သစ်တောမောင်
ပုလဲ
“ပုလဲ” (Pearl) သည် ရှေးခေတ် မြန်မာအပါအဝင် အာရှယဉ်ကျေးမှုများတွင် အလွန်တန်ဖိုး ထားမြတ်နိုးကြသည့် နဝရတ် ၉ ပါး (ရတနာ ၉ မျိုး) တွင် အပါအဝင်အဖြစ်သည်။ ပုလဲသည် မြေထုအတွင်းမှတူးဖော်ရရှိသည့် ကျောက်မျက်ရတနာများ၊ သတ္တုတွင်းထွက်များနှင့်မတူဘဲ သက်ရှိ ဇီဝမှ မွေးဖွားလာသော ရတနာဖြစ်ပါသည်။ ပုလဲသည် အခွံမာသတ္တဝါများ၏ ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းဖြစ်ပေါ်လာသော ရတနာတစ်ပါးဖြစ်ပါသည်။ တစ်နည်းအားဖြင့် Mollusk တို့၏ အခွံမာ အတွင်းပိုင်း တည်ဆောက်ရာတွင် ခန္ဓာကိုယ်မှစစ်ထုတ်ပို့ချသည့် ပုလဲအလွှာများဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။ ပုလဲလွှာသည် (၀.၀၀၀၃) မှ (၀.၀၀၀၅) မီလီမီတာခန့် အထူရှိပြီး မွေးမြူပုလဲ တစ်လုံးသည် အနည်းဆုံး ပုလဲလွှာပေါင်း တစ်ထောင်လွှာမှ ခြောက်ထောင်ကျော်အထိနှင့် ပုလဲ သားအထူ (၀.၅) မီလီမီတာမှ (၇) မီလီမီတာ ခန့်ရှိပါသည်။ နိုင်ငံတကာတွင် ပုလဲ၏ အလေးချိန်ကို ချိန်တွယ်ရာတွင် Momme (မိုမီ) ကို အသုံးပြုပြီး တစ် မိုမီ သည် (၃.၇၅) ဂရမ် / (၁၈.၇၅) ကာရက် / (၂၀.၆၂၅) ရတီနှင့် ညီမျှပါသည်။ ပုလဲ၏ အရွယ်အစားကို ဖော်ပြရာတွင် အချင်းကို မီလီမီတာဖြင့် တိုင်းတာလေ့ရှိသည်။
နဝရတ် (၉) ပါးအနက် စိန်သည် မာကျောမှုအမြင့်ဆုံး (၁၀) ဖြစ်ပြီး ပုလဲသည် မာကျောမှု အဆင့် (၂.၅) မှ (၄.၅) အတွင်းသာရှိသဖြင့် နဝရတ် (၉) ပါးအနက် အလွန်နူးညံ့ဆုံးသော ပစ္စည်းဖြစ် သည်။ ပုလဲသည် စိန်ကဲ့သို့ သတ္ထုဓာတ်ခရစ္စတယ် (mineral crystal) တစ်မျိုးတည်း မဟုတ်ဘဲ ခရု/ကမာကောင် မျိုးနွယ်များ၏ ကိုယ်တွင်းတွင် ဖြစ်ပေါ်သော သက်ရှိမှဖြစ်သော ရတနာ (biogenic gemstone) ဖြစ်သည်။ အဓိကအားဖြင့် ထုံးကျောက် Calcium Carbonate (CaCO₃) ကို အာဂိုနိုက် ခရစ္စတယ် (aragonite crystal) အလွှာငယ်များအဖြစ် ဖွဲ့စည်းထားသည်။ ပုလဲ အလွှာတွင် ယေဘုယျအားဖြင့် ထုံးကျောက်ကယ်လဆီယမ်ကာဗွန်နိတ်(CaCO₃-Aragonite) (၉၃) ရာခိုင်နှုန်း၊ ကွန်ချီအိုလင် (Conchiolin) (၅) ရာခိုင်နှုန်းနှင့် ရေနှင့် အခြားသတ္တုဓာတ် ကယ်လဆီယမ်အောက်ဆိုဒ် အနည်းငယ် (၂) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။
ပုလဲများကို အဓိကအားဖြင့် သဘာဝပုလဲ (Natural Pearl) နှင့် မွေးမြူပုလဲ (Cultured Pearl) ဟူ၍ ခွဲခြားနိုင်ပါသည်။ သဘာဝပုလဲသည် လူတို့က ၀တ်ဆံလုံး (nucleus) ထည့်သွင်း မွေးမြူခြင်းမရှိဘဲ သဘာဝအတိုင်း ကမာ သို့မဟုတ် Mollusk အတွင်းတွင် ဖြစ်ပေါ်လာသော ပုလဲ ဖြစ်သည်။ ယနေ့ခေတ်တွင် သဘာဝပုလဲများသည် အလွန်ရှားပါးသောကြောင့် အရည်အသွေး ကောင်းမွန်ပြီး သမိုင်းတန်ဖိုးရှိပါက အလွန်မြင့်မားသော ဈေးနှုန်းရရှိနိုင်သည်။ မွေးမြူရေးပုလဲ များကို ကမာမျိုးစိတ်၊ ပင်လယ်/ရေချိုပတ်ဝန်းကျင်နှင့် ထုတ်လုပ်သည့် ဒေသအလိုက် ထပ်မံ ခွဲခြားနိုင်ပါသည်။ ကမာ သို့မဟုတ် Mollusk အတွင်းသို့ ၀တ်ဆံလုံး(nucleus) နှင့် တစ်သျှူး ဆက်သားစ(Saibo) ထည့်သွင်းပြီး ပုလဲဖြစ်ပေါ်လာစေရန် ထိန်းချုပ်မွေးမြူထားသော ပုလဲသည် မွေးပုလဲဖြစ်သည်။ မုတ်ကောင်များကို အိတ်၊ ခြင်း၊ အကာအကွယ် ကွန်များနှင့် တွဲချိတ်ထားပြီး ရေပေါ်/ရေအောက် ကြိုးတန်းရှည်များမှတစ်ဆင့် ပင်လယ်ရေထဲတွင် ကြိုးတန်းရှည်စနစ် (Long-line system) ဖြင့် မွေးမြူကြသည်။
ပုလဲမွေးမြူနိုင်သော မုတ်ကောင်သည် ခရု၊ ဂုံး၊ ယောက်သွား၊ ကမာ စသည်တို့ ပါဝင်သော Mollusk မျိုးနွယ်စုတွင် ပါဝင်သည့် သတ္တဝါဖြစ်သည်။ ပုလဲမွေးမြူသည့် မုတ်ကောင်များသည် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကောင်းမွန်သော ရေကြည်၊ ရေသန့်သော သန္တာကျွန်းစုများ၊ သန္တာ ရေအိုင်များတွင် ဖြစ်ထွန်းသည်။ ပုလဲ၏ အရွယ် အစား၊ ပုံသဏ္ဌာန်၊ အရောင်၊ ပွင့်ရည်၊ မျက်နှာပြင်၊ ပုလဲသားအထူနှင့် လိုက်ဖက်မှုတို့သည် ပုလဲ တစ်လုံး၏ တန်ဖိုးဖြစ်စေသော အချက်များ ဖြစ်သည်။ ယနေ့ကမ္ဘာ့ပုလဲဈေးကွက်တွင် မွေး ပုလဲများက အဓိကနေရာယူထားသည်။
ပုလဲအမျိုးအစားများ
မွေးမြူပုလဲများကို အဓိကအားဖြင့် အကိုယာပုလဲ (Akoya Pearl) (Pinctada fucata), တောင်ပင်လယ်ပုလဲ (South Sea Pearl) (Pinctada maxima), ပုလဲနက် (Pinctada margaritifera) (Tahitian Pearl) နှင့် ရေချိုပုလဲ (Freshwater Mussel Pearl) ဟူ၍ ခွဲခြားနိုင် ပါသည်။ တောင်ပင်လယ်ပုလဲ (South Sea Pearl) သည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီး သော အမျိုးအစားဖြစ်ပြီး အဓိကအားဖြင့် Pinctada maxima ပုလဲကမာမှ ထုတ်လုပ်သည်။ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့သည် အဓိကထုတ်လုပ်သည့် နိုင်ငံများ ဖြစ်ပြီး မလေးရှားနိုင်ငံမှ အနည်းငယ်ထုတ်လုပ်လျက်ရှိပါသည်။ ပုလဲများအတွက် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ အမေရိကန်၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အိန္ဒိယနှင့် အရှေ့ တောင်အာရှတို့သည် အရေးကြီးသော ဈေးကွက်များဖြစ်သည်။
ပုလဲမွေးမြူရေးအတွက် အရေးပါသည့် သစ်တောဂေဟစနစ်
ပုလဲမွေးမြူသည့် မုတ်ကောင်သည် ပင်လယ်ရေထဲမှ အစာအာဟာရများကို စစ်ထုတ် စားသုံးသည့် သတ္တဝါဖြစ်သဖြင့် ပင်လယ်ရေအရည်အသွေးသည် အဆိုပါ မုတ်ကောင်များ၏ ကျန်းမာရေးနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ ပုလဲမွေးမြူရာတွင် အောင်မြင်ဖြစ်ထွန်းရန် သဘာဝပတ်ဝန်းကျင် အထောက်အပံ့ကောင်းများစွာ လိုအပ်ပါသည်။
ပုလဲမွေးမြူရေးအတွက် အရေးကြီးသော သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်ရေအခြေအနေ များမှာ လှိုင်းလေ အကာအကွယ်ရသည့် နေရာဖြစ်ခြင်း၊ ရေစီးရေလာကောင်းမွန်ခြင်း၊ ရေကြည်လင် ခြင်း၊ ရေထုညစ်ညမ်းမှုနည်းခြင်း၊ နုန်းနှင့်အညစ်အကြေးများအလွန်အကျွံမရှိခြင်း၊ အောက်ဆီဂျင် လုံလောက်ခြင်း၊ ဆားဓာတ်သင့်တော်ပြီး ရေငန်နှုန်းတည်ငြိမ်ခြင်း၊ ရေအပူချိန်တည်ငြိမ်ခြင်း၊ မုတ်ကောင်အစာဖြစ်သော အစာအာဟာရနှင့် အပင်မျှောလှေးများ (Phytoplankton) ပေါကြွယ်ဝ ခြင်း၊ သင့်လျော်သည့် ရေအတိမ်အနက်ရှိခြင်းနှင့် ရေပြင်အကျယ်အဝန်းရှိရန်လိုအပ်ခြင်း၊ လူများ အခြေချနေထိုင်သည့် ကျေးရွာများနှင့် ဝေးကွာရန်လိုအပ်ခြင်း၊ ရေချိုရပြီး စခန်းတည်ဆောက်ရန် မြေပြန့်နေရာရှိသော ကုန်းမြေလိုအပ်ခြင်း၊ သွားလာရေး လွယ်ကူသော နေရာဖြစ်ခြင်း စသည့် အချက်များကို အလေးထား နေရာရွေးချယ်ဆောင်ရွက်ကြရပါသည်။
ကုန်းမြေပေါ်ရှိ သစ်တောများနှင့် ကမ်းရိုးတန်း ဒီရေတောများသည် ကုန်းမြေနှင့် ပင်လယ် အကြားတွင် သဘာဝအကာအကွယ် တစ်ခုကဲ့သို့ လုပ်ဆောင်ပေးပြီး ပင်လယ်ရေ အရည်အသွေး ကို ထိန်းသိမ်းပေးသည့် သဘာဝစနစ်တစ်ခုဖြစ်သဖြင့် ပုလဲမွေးမြူရေးအတွက် အထူး အရေးပါ သော ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သစ်တောများမှ ကြွေကျသော သစ်ရွက်နှင့် သစ်ကိုင်းများ ဆွေးမြည့်ရာမှ မြေဆီလွှာအာဟာရဓာတ်များ ဖြစ်ပေါ်လာသည်။ ထိုအာဟာရများ မြစ်ချောင်းများ မှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်သောအခါ ပုလဲကမာကောင်များ၏ အဓိကအစာဖြစ်သည့် အဏု ဇီဝရေညှိ သို့မဟုတ် အပင်မျှောလှေးများ (Phytoplankton) ကိုပေါများစေသည်။ ဒီရေတောများ သည် ပင်လယ်ရေအပူချိန် လွန်ကဲစွာပြောင်းလဲခြင်းမှ ကာကွယ်ပေးပြီး အပူချိန်ထိန်းညှိပေး သည်။ လေမုန်တိုင်းဒဏ်ကို သက်သာစေကာ ရေပြင်တည်ငြိမ်စေပါသည်။ ပင်လယ်ကွေ့များ အတွင်းသို့ စီးဝင်သည့် ရေချိုပမာဏကို ထိန်းညှိပေးသည်။
ပုလဲမွေးမြူသော ရေပြင်ပတ်ဝန်းကျင်တွင် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ ဝင်ရောက်လာမည့် မြေမှုန်၊ နုန်းနှင့် ပလတ်စတစ်အမှိုက်များအပါအဝင် အခြားအညစ်အကြေး များကို ကုန်းမြေပေါ်ရှိ သစ်တောများ၊ ဒီရေတောများက တားဆီးလျှော့ချပေးပါသည်။ သစ်တော များ ဖုံးလွှမ်းနေသော မြေပြင်သည် မိုးရေကို စုပ်ယူထိန်းသိမ်းပေးပြီး သစ်ပင်များ၏ အမြစ်များက မြေဆီလွှာကို ခိုင်မြဲစွာထိန်းထားသောကြောင့် မြေဆီလွှာတိုက်စားမှု လျော့နည်းစေပါသည်။
ဒီရေတောများ၏ အမြစ်များသည် မြစ်များမှ စီးဆင်းလာသော နုန်းနှင့် မြေမှုန်များကို တားဆီးပေးနိုင်သည်။ ထို့အပြင် လှိုင်းဒဏ်နှင့် မုန်တိုင်းဒဏ်ကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်သည်။ ဒီရေတောများသည် ငါး၊ ပုစွန်၊ ကဏန်းနှင့် အခြားရေနေသတ္တဝါများ အတွက် သားပေါက်နှင့်ကြီးထွားရာနေရာများလည်းဖြစ်သည်။ ဒီရေတောများကျန်းမာကောင်းမွန် နေပါက ကမ်းရိုးတန်းဂေဟစနစ်တစ်ခုလုံး၏ တည်ငြိမ်မှုကို အထောက်အကူ ပြုပါသည်။ ပုလဲ မွေးမြူရေး ဧရိယာများရှိ ပင်လယ်ရေ၏ အရည်အသွေးကောင်းမွန်စေရန်နှင့် ထိန်းသိမ်းရန် အတွက်လည်း အကျိုးပြုပါသည်။
ကုန်းမြေပေါ်ရှိ သစ်တောများနှင့် ကမ်းရိုးတန်းသစ်တောများကို အလွန်အကျွံ ခုတ်ထွင်ပါ က မြေဆီလွှာတိုက်စားမှု ပိုမိုဖြစ်ပေါ်လာနိုင်ပြီး ထိုမြေမှုန်များသည် မြစ်များမှ တစ်ဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပင်လယ်ထဲသို့ ရောက်ရှိလာပြီး နုန်းများ၊ အမှုန်အမွှားများ၊ အညစ်အကြေးများ ကြောင့် ရေနောက်ကျိပြီး ရေကြည်လင်မှုကို လျော့ကျစေနိုင်သည်။ ထိုအခြေအနေသည် ပုလဲ ကမာများ၏ ကျန်းမာရေးနှင့် ကြီးထွားမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်။ ပင်လယ်ရေထဲသို့ ပလတ်စတစ်၊ အိမ်သုံးအညစ်အကြေး၊ စက်ရုံစွန့်ပစ်ရေ၊ စိုက်ပျိုးရေး ဓာတု ပစ္စည်းများစသည်တို့ အလွန်အကျွံဝင်ရောက်လာပါက ပုလဲကမာများ၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သည်။ ဥပမာ တောင်ပင်လယ်ပုလဲ ပုလဲတစ်လုံး ဖြစ်တည်လာရန် (၄) နှစ်အထိ ကြာမြင့် တတ်ပါသည်။ ထိုအချိန်ကာလအတွင်း ပတ်ဝန်းကျင်ဂေဟစနစ် အနည်းငယ် ပြောင်းလဲဖောက် ပြန်ရုံမျှဖြင့် ပုလဲ၏အရောင်အသွေးနှင့် ပုလဲသား (Nacre) အရည်အသွေး၊ ပုလဲကြီးထွားမှု၊ မျက်နှာပြင်ချောမွေ့မှုများနှင့် ခွဲစိတ်ထည့်သွင်းထားသော ၀တ်ဆံလုံးများကို မုတ်ကောင်၏ ခန္ဓာကိုယ်မှ ပြန်လည်စွန့်ထုတ်ပစ်ခြင်းတို့ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး ပုလဲမုတ်ကောင်များကို လည်း ရောဂါကျရောက်ခြင်းများ၊ သေဆုံးခြင်းများကိုဖြစ်ပွားနိုင်ပြီး ဆုံးရှုံးမှုများစွာ ရင်ဆိုင်ရနိုင် ပါသည်။
ထို့ကြောင့် ပုလဲမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ပင်လယ်ညစ်ညမ်းမှုကို လျှော့ချ ရန် အလွန်အရေးကြီးသည်။ ထို့ကြောင့် ပုလဲ မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင် ရန် ပုလဲမွေးမြူရေးသက်သက်ကိုသာ အာရုံစိုက်ခြင်း ထက် ပတ်ဝန်းကျင်ရှိ ဂေဟစနစ် တစ်ခုလုံးနှင့် အခြားမျိုးစိတ်များအစားထိုးခြင်းမပြုဘဲ ဒေသမျိုး ရင်းအပင်များ ရေနေသတ္တဝါများ တည်ငြိမ်ကောင်း မွန်ရေးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
မြန်မာ့ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း
မြန်မာနိုင်ငံရှိ မြိတ်ကျွန်းစုတွင် ပုလဲမွေးမြူရေးစခန်းကို အစောပိုင်းက ဒိုမယ်ကျွန်းတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှစတင်ကာ ပုလဲကျွန်းသို့ ပြောင်းရွှေ့ဆောင်ရွက်ခဲ့ရာ ယနေ့ တိုင်ဖြစ်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ် ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကို ၁၉၉၅ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး မြန်မာ့ပုလဲနည်းဥပဒေများကို ၂၀၀၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့ကာ ခေတ်စနစ်နှင့်အညီပြင်ဆင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာ့ပုလဲလုပ်ငန်း နည်းဥပဒေများကို ပြဌာန်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာ့ပုလဲလုပ်ငန်း နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာ့ပုလဲနည်းဥပဒေများကို တတိယ အကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ပုလဲမွေးမြူရေးလုပ်ငန်း၏ အဓိကအချက်အချာဒေသမှာ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစု၏ သန့်ရှင်းကြည်လင်သော ပင်လယ်ရေပြင်များဖြစ်ပြီး တောင် ပင်လယ်ပုလဲ (Pinctada maxima) (Gold-lip pearl oyster) ကို အဓိကအသုံးပြု မွေးမြူပါသည်။ ပုလဲမွေးမြူရေးစခန်းများကို ပုလဲကျွန်း (Malcolm)၊ မလိကျွန်း၊ ဒုံးပုလဲအော်ကျွန်း၊ ပြင်စဘုကျွန်း၊ ဒိုမယ်ကျွန်းနှင့် ရွှေကျွန်းအစရှိသည့် ကျွန်းပေါင်းများစွာတွင် ဖြန့်ကြက်လုပ်ကိုင်ကြပြီး မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအောက်ရှိ ရေလုပ်ငန်းစခန်းများနှင့် ပုဂ္ဂလိက/ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများ စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ပုလဲမွေးမြူရေးလုပ်ငန်းသည် ကမ္ဘာတွင် ဈေးကွက်လိုအပ်ချက်အများဆုံးနှင့် အတောက်ပဆုံး ရတနာတစ်ခုဖြစ်သည့် အရည် အသွေးမြင့် တောင်ပင်လယ်ပုလဲ (South Sea Pearls) များကို ထုတ်လုပ်ပေးလျက်ရှိပြီး၊ ပုလဲ သား (Nacre) ထူထဲခြင်း၊ အရောင်အသွေး ပြောင်လက်တောက်ပခြင်းနှင့် ထူးခြားသည့် ရွှေဝါရောင်မှ ငွေအဖြူရောင်အထိ ရရှိနိုင်ခြင်း တို့ကြောင့် ကမ္ဘာ့ပုလဲဈေးကွက်တွင် ထင်ရှား ကျော်ကြားပြီး အောင်မြင်လျက်ရှိသည်။
ကမ္ဘာတွင် ဩစတြေးလျနှင့် အင်ဒိုနီးရှားတို့သည် တောင်ပင်လယ်ပုလဲထုတ်လုပ်မှုနှင့် ပတ်သက်၍ ထင်ရှားသောနိုင်ငံများဖြစ်သည်။ အထူးသဖြင့် ဩစတြေးလျနိုင်ငံ မြောက်ပိုင်းရှိ ကင်ဘာလေ (Kimberley) ဒေသသည် Pinctada maxima ပုလဲကမာများ၊ မုတ်ကောင်များနှင့် တောင်ပင်လယ်ပုလဲ ထုတ်လုပ်မှုအတွက် ကျော်ကြားပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း အရှေ့ပိုင်းကျွန်းစုများအပါအဝင် သင့်လျော်သော အပူပိုင်းပင်လယ်ဒေသများတွင် Pinctada maxima ကို အသုံးပြု၍ တောင်ပင်လယ်ပုလဲများ မွေးမြူထုတ်လုပ်ကြသည်။ ဤဒေသများ၏ အတွေ့အကြုံများမှ အရေးကြီးသောသင်ခန်းစာတစ်ခုမှာ “အရည်အသွေးမြင့်ပုလဲရရှိရန် မုတ်ကောင် များ ကောင်းစွာမွေးမြူခြင်းသာမက သစ်တောများ၊ ဒီရေတောများ၊ မြစ်ချောင်းများ၊ ကမ်းရိုးတန်းနှင့် ပင်လယ်ဂေဟစနစ်တစ်ခုလုံးကို ကောင်းမွန်စွာ ထိန်း သိမ်းရန်လိုအပ်ခြင်း” ဖြစ်သည်။
အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ
တနင်္သာရီတိုင်းဒေသကြီးတွင် တောင်ပင်လယ်ပုလဲ (Pinctada maxima) ပုလဲ မုတ်ကောင်များ အောင်မြင်စွာဖြစ်ထွန်းရန်အတွက် ပထဝီဝင်၊ သဘာဝပတ်ဝန်းကျင်နှင့် နည်းပညာဆိုင်ရာ ထူးခြားသည့် အောက်ဖော်ပြပါ အခြေအနေကောင်းများ၊ အခွင့်အလမ်းများ ပြည့်စုံလျက်ရှိပါသည် -
အထူးသဖြင့် အောက်ဆီဂျင်ကြွယ်ဝသည့် ရေကို စဉ်ဆက်မပြတ် ပို့ဆောင်ပေးကာ ဇီဝ စွန့်ပစ်ပစ္စည်းများကိုလည်း မျှောထုတ်ပေးသော သင့်တော်သည့် ပင်လယ်ရေစီး ကြောင်းနှင့် ရေထုအပူချိန် (၂၅ ဒီဂရီစင်တီဂရိတ်မှ ၂၉ ဒီဂရီစင်တီဂရိတ်အတွင်း) အခြေအနေ ကောင်းများရှိခြင်း၊
မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း (၈၀၀) ကျော် ပါဝင်သောကြောင့် မုန်တိုင်းဒဏ်နှင့် ပင်လယ်လှိုင်းကြီးများမှ ကာကွယ်ပေးသည့် နက်ရှိုင်းပြီးငြိမ်သက်သော ပင်လယ်ကွေ့ များကို ရရှိစေသည်။
သန့်ရှင်းသော ဂေဟစနစ်နှင့် ရေထုအရည်အသွေးရှိခြင်း၊ ကုန်းမြင့်သစ်တောများမှ စီးဝင်လာသော အာဟာရဓာတ်များနှင့် ပင်လယ်နက်ပိုင်းမှ တက်လာသော အာဟာရ များ ပေါင်းစပ်သွားခြင်းကြောင့် ပုလဲမုတ်ကောင်များ၏အဓိကအစာဖြစ်သည့် အဏုဇီဝ ရေညှိ၊အပင်မျှောလှေး(Phytoplankton) များ ပေါများစွာ ဖြစ်ထွန်းခြင်း၊
မြိတ်ကျွန်းစုသည် စက်မှုဇုန်များနှင့် ဝေးကွာသဖြင့် ပင်လယ်ရေထု သန့်ရှင်းကြည်လင် ခြင်း၊ ရေထုအတွင်း နုန်းနှစ်နည်းပါးခြင်း၊
ယခင်က သဘာဝမုတ်ကောင်များကိုသာ ရှာဖွေဖမ်းဆီး မွေးမြူခဲ့ကြသော်လည်း ယခု အခါ ခေတ်မီ ပုလဲသားဖောက်စခန်းများတွင် အပူချိန်နှင့် အစာပလန်တန်များကို ထိန်းချုပ်ကာ ပုလဲသားလောင်းများကို စနစ်တကျ သားဖောက်ထုတ်လုပ်နိုင်ခြင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်း၊
အရည်အသွေးမြင့် ပုလဲများ ရရှိရန်အတွက် ကျွမ်းကျင်သော ပညာရှင်များက ပုလဲ မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ၀တ်ဆံလုံး (Nucleus) နှင့် တစ်သျှူး ဆက်သားစ (Saibo) တို့ကို အတူပေါင်းစပ်ပြီး တိကျစွာ ထည့်သွင်းပေးသည့် နည်းပညာကို အသုံးပြုနိုင်ခြင်း။
သို့သော်လည်း မြန်မာ့ပုလဲထုတ်လုပ်ရေးလုပ်ငန်း ရေရှည်တည်တံ့ အောင်မြင်ရန်အတွက် သဘာဝပတ်ဝန်းကျင်၊ နည်းပညာ၊ စီးပွားရေး၊ လူ့စွမ်းအားနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများ လည်း ရှိနေပါသည်။ ရေရှည်အတွက် အောက်ဖော်ပြပါ စိန်ခေါ်မှုများကို အလေးထား ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါသည် -
ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေအပူချိန်မြင့်တက်မှုကြောင့် တောင်ပင်လယ်ပုလဲ P. maxima မွေးမြူခြင်းအတွင် အစာစားနှုန်းနှင့် ကြီးထွားမှု ကျဆင်းခြင်း၊ ဇီဝကမ္မ ဖိအား (physiological stress) မြင့်တက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ရောဂါဖြစ် နိုင်ခြေတိုးလာခြင်း ၊ ပုလဲသား (nacre) ဖွဲ့စည်းမှုနှင့် ပုလဲအရည်အသွေး ထိခိုက်ခြင်း၊
ရေထုညစ်ညမ်းခြင်း၊ အနည်အနှစ် (sedimentation) များပြားခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှ အာဟာရဓာတ်ကြွင်းများ ပို့ချခြင်း၊ ပလတ်စတစ်နှင့် အခြားအမှိုက်များ၊ လောင်စာဆီနှင့် ဓာတုပစ္စည်းများ၊ ကမ်းရိုးတန်းဖွံ့ဖြိုးရေးလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကြောင့် ပင်လယ်ရေအရည်အသွေး ကျဆင်းခြင်း၊
သစ်တောများပြုန်းတီးခြင်း၊ ကမ်းရိုးတန်းဂေဟစနစ်များ ပျက်စီးခြင်း၊ ပင်လယ်မြက် များ၊ သန္တာကျောက်တန်းများနှင့် ဒီရေတောများပျက်စီးခြင်းနှင့် ကမ်းရိုးတန်း တစ်လျှောက် မြေအသုံးချမှုများ ပြောင်းလဲခြင်း၊
ကြီးထွားနှုန်းကောင်းသော၊ ကျန်းမာသန်စွမ်းသော၊ ပုလဲသား (nacre deposition) ကောင်းသော၊ အရောင် (lustre) နှင့် ပုံသဏ္ဌာန် (pearl shape) ကောင်းသော၊ ရောဂါခံနိုင်ရည်ရှိသော မျိုးရိုးဗီဇနှင့် အရည်အသွေးမြင့် မုတ်ကောင်များ ရွေးချယ် မွေးမြူရန် လိုအပ်ခြင်း၊
သားဖောက်ခြင်း (Hatchery) နည်းပညာကို ပေါင်းစပ်မြှင့်တင်ရန် လိုအပ်ခြင်း၊
လုပ်ငန်းအဆင့်တိုင်းအတွက် ကျွမ်းကျင်လုပ်သားနှင့် နည်းပညာကျွမ်းကျင်မှု လိုအပ် ခြင်း၊
ပုလဲမွေးမြူရေးနယ်မြေများ ကျယ်ပြန့်လာခြင်းကြောင့် ဒေသခံရေလုပ်ငန်းလုပ်ကိုင်သူ များနှင့် ဒေသခံများ၏ ရိုးရာငါးဖမ်းကွက်များ ကျဉ်းမြောင်းသွားနိုင်သဖြင့် ပင်လယ် ရေပြင် အသုံးပြုခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိလာနိုင်ခြင်း၊
ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်ခြင်း၊ ဈေးကွက်နှင့် နိုင်ငံတကာယှဉ်ပြိုင်မှု ပိုမို ပြင်းထန်လာနိုင်ခြင်း၊
မုတ်ကောင်သားဖောက်သည့်အဆင့်မှ ဈေးကွက်တင်ပို့ ရောင်းချသည့် အဆင့် အသီးသီးအတွက် သုတေသနနှင့် အချက်အလက်စနစ် အားနည်းခြင်း၊
ပုလဲရတနာတိုးမြှင့်ထုတ်လုပ်ဖို့ သစ်တောဂေဟစနစ်ထိန်းသိမ်းစို့
မြန်မာနိုင်ငံ၏ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးမြင့် တောင်ပင်လယ်ပုလဲများ ထုတ်လုပ်နိုင်ရန် မုတ်ကောင်များ (ဥပမာ Pinctada maxima) မျိုးရိုးဗီဇအရည်အသွေးမြှင့်တင်ခြင်း၊ သားဖောက်ခြင်းနှင့် မျိုးပွားခြင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ပုလဲကမာများ၊ မုတ်ကောင်များ၏ ကျန်းမာရေးနှင့် ပုလဲအရည်အသွေးသည် ကောင်းမွန်သည့် ပတ်ဝန်းကျင်၊ ပင်လယ်ရေ အရည် အသွေးနှင့်တိုက်ရိုက်ဆက်နွှယ်နေသောကြောင့် ကုန်းမြေသစ်တောများ၊ ကမ်းရိုးတန်း ဒီရေတော များ၊ ပင်လယ်မြက်ခင်းပြင်များ (seagrass) နှင့် သန္တာကျောက်တန်းများ (coral reefs) ကို ထိန်းသိမ်းရန်နှင့် အစာကွင်းဆက်အတွက် အရေးပါသောငါးများ အလွန်အကျွံဖမ်းယူခြင်းကို တားဆီးကာကွယ်ကြရမည်ဖြစ်ပါသည်။ ထို့အပြင် ပင်လယ်ရေအပူချိန်မြင့်တက်မှု၊ ပင်လယ်ရေ ဓာတုဂုဏ်သတ္တိများပြောင်းလဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများကို ခံနိုင် ရည်ရှိစေရန် ရေရှည်စောင့်ကြည့်လေ့လာမှုနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသည့် မွေးမြူ ရေး (climate-smart aquaculture) နည်းပညာများကို ဖော်ထုတ်အသုံးချရေး ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် ပုလဲမွေးမြူရေးလုပ်ငန်းမှ ရရှိသည့် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများကို ဒေသခံပြည်သူများထံ ပိုမိုရောက်ရှိစေရန် ဒေသခံလူထု ပူးပေါင်း ပါဝင်သည့် စီမံခန့်ခွဲမှု၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ တန်ဖိုးမြှင့်ပုလဲနှင့် လက်ဝတ်ရတနာများ ထုတ်လုပ်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုများကို တိုးမြှင့်ဆောင်ရွက်ကြရ မည်ဖြစ်ပါသည်။ ထိုသို့ “အရည်အသွေးမြင့်ပုလဲထုတ်လုပ်ရေး၊ ကျန်းမာကောင်းမွန်သော ပင်လယ် ဂေဟစနစ်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်သော ပုလဲမွေးမြူရေး နည်းပညာ ဖွံ့ဖြိုးရေးနှင့် ဒေသခံလူထု၏ လူမှုစီးပွားအကျိုးကျေးဇူးများ တိုးမြှင့်ပေးရေး” ဟူသည့် အဓိက မဏ္ဍိုင် (၄) ခု ကို စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပုလဲမွေးမြူ ထုတ်လုပ် ခြင်းလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေပြီး စီးပွားရေးအရ အကျိုးရှိကာ ရေရှည်တည်တံ့သော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော တောင်ပင်လယ်ပုလဲ ထုတ်လုပ်မှု လုပ်ငန်းအဖြစ် ဖွံ့ဖြိုး တိုးတက်စေနိုင်မည်ဖြစ်ပါသည်။
ကိုးကား
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (၂၀၂၆)။ မြန်မာ့ပုလဲအကြောင်း သိကောင်းစရာများ။
Boon, P., Callow, M., & Grantham, H. (2016). Marine Spatial Planning for Myanmar: Strategic Advice for Securing a Sustainable Ocean Economy. Wildlife Conservation Society (WCS), Myanmar.
Holmes, K. E. and Tint Tun., et al. (2014). Marine Conservation in Myanmar: The Current Knowledge of Marine Systems and Recommendations for Research and Conservation. Yangon: Wildlife Conservation Society (WCS) Myanmar.



