ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)အကြီးစားပြုပြင်နေမှုများအားကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ သင်တန်းကျောင်း တည်ဆောက်ပြီးစီးမှုအခြေအနေ၊ မန္တလေးငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအား ပြန်လည် ပြုပြင်ပြီးစီးမှု အခြေအနေ၊ သင်တန်းများ ဖွင့်လှစ်ရန် လျာထားမှုအခြေအနေများအား တင်ပြ ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းများ လာမည့်ဘဏ္ဍာနှစ်တွင် သင်တန်းအမျိုး အစားများအလိုက် ပြန်လည်ဖွင့်လစ်လှစ်နိုင်ရေး၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ကောင်းမွန်စွာ သိရှိနားလည်၍ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ ရာထူးအဆင့်လိုက် တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ သိရှိနားလည်စေရေး၊ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု၊ ဝန်ထမ်း ရေးရာ စည်းမျဉ်း၊ စည်းကမ်းများ သိရှိနားလည်စေရေး စသည့် ရည်ရွယ်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လမ်းညွှန်မှာကြားပြီး သင်တန်းသားအိပ်ဆောင် တည်ဆောက်ပြုပြင် ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် အဆောက်အဦ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာများမှ ပြင်ဆင်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးတို့ကို လမ်းညွှန် မှာကြားပြီး မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) အကြီးစားပြုပြင် တည်ဆောက်နေမှု အား လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိရာ ခန်းမအဝင် ပြင်ဆင်ထားရှိမှု၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုပြီး ၎င်းမှတစ်ဆင့် ကျောက်စိမ်းဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်း သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

date: 
Thursday, September 3, 2026 - 10:00