စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဝတ်မှုန်ကူးခြင်း၏ အရေးပါမှုနှင့် သစ်တောဂေဟစနစ် ဝန်ဆောင်မှုများဆောင်းပါး

စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဝတ်မှုန်ကူးခြင်း၏ အရေးပါမှု နှင့်
သစ်တောဂေဟစနစ် ဝန်ဆောင်မှုများ
သစ်တောမောင်
ဝတ်မှုန်ကူးခြင်း
ဝတ်မှုန်ကူးခြင်း(pollination)ဆိုသည်မှာ ပန်းပွင့်သောအပင်များတွင် အဖိုမျိုးပွားအစိတ် အပိုင်းဖြစ်သော ဝတ်ဆံဖို(anther) မှထွက်ရှိသည့် ဝတ်မှုန်စေ့ (pollen grains)များကို အမမျိုးပွား အစိတ်အပိုင်းဖြစ်သော ဝတ်ဆံအမ(stigma)သို့ ရောက်ရှိစေသည့် ဖြစ်စဉ် ဖြစ်ပါသည်။ ဝတ်မှုန် ကူး ပြီးနောက် သင့်လျော်သောအခြေအနေများတွင် မျိုးအောင်ခြင်း(fertilization) ဖြစ်ပေါ်ကာ မျိုးစေ့နှင့် အသီး များဖြစ်ပေါ်လာပါသည်။ ပန်းတစ်ပွင့်၏ဝတ်မှုန်သည် ထိုပန်း၏ ဝတ်ဆံအမ သို့မဟုတ် တစ်ပင်တည်းရှိ အခြားပန်း၏ ဝတ်ဆံအမသို့ ရောက်ရှိခြင်းဖြင့် မိမိကိုယ်တိုင် ဝတ်မှုန် ကူးခြင်း (self-pollination)ဖြစ်နိုင်သကဲ့သို့ အပင်တစ်ပင်မှဝတ်မှုန်ကို အခြားအပင် တစ်ပင်၏ ဝတ်ဆံအမသို့ သယ်ဆောင်ပေးခြင်းဖြင့်အပြန်အလှန် ဝတ်မှုန်ကူးခြင်း(cross-pollination) ဖြစ်နိုင်ပါသည်။ ဝတ်မှုန်ကူးခြင်းသည် အစားအစာထုတ်လုပ်မှုနှင့် လူသားများ၏ အသက်မွေးဝမ်း ကျောင်းမှုအတွက် အလွန်အရေးပါပြီး သဘာဝဂေဟ စနစ်များကို စိုက်ပျိုးရေးထုတ်လုပ်မှု စနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည်။ ကမ္ဘာတစ်ဝန်းတွင် ပန်း ပွင့်သောအပင်များ၏ ၈၇.၅ ရာခိုင်နှုန်းခန့်ကို ကျောရိုးမဲ့ သတ္တဝါများနှင့် ကျောရိုးရှိသတ္တဝါများ နှစ်မျိုးလုံးမှ ဝတ်မှုန်ကူးကြပါသည်။
ဝတ်မှုန်ကူးသတ္တဝါများ
ဝတ်မှုန်ကူး သတ္တဝါများတွင် တောရိုင်းပျား (Apidae, Halictidae)၊ ပျားရည် ပျား၊ အဆိပ် မရှိသော ပျားငယ်များ (stingless bees)၊ သစ်ခေါင်းတွင်းနေသော သစ်ခေါင်း ပျားများ၊ မြေတွင်းနေ ပျားများပါဝင်ပါသည်။ အဆိုပါပျားများအပြင် ဖလံများ၊ ယင်ကောင်များ (အထူး သဖြင့် hoverflies, Bee flies)၊ ၊ နကျယ်ကောင်များ၊ ပိုးထိုးကောင်များ၊ လိပ်ပြာများ၊ ပိုးဖလံများ (moths)၊ ပိုးတောင်မာများ (beetles)၊ လင်းနို့များ၊ လင်းဆွဲများ (Pteropodidae)၊ ငှက်များ၊ ပုရွက်ဆိတ်များ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါများတွင် တချို့သော မျောက်မျိုးစိတ်များ၊ ကြွက်၊ ရှဉ့် ၊ ဝတ်ရည်စုတ်ငှက်များ (hummingbirds ၊ sunbirds) နှင့် ကြက်တူရွေးမျိုးစိတ် တချို့ပါဝင် ပါသည်။ စနစ်တကျမွေးမြူထား သော ပျားများအပါအဝင် ဝတ်မှုန်ကူးသတ္တဝါများ လုံလောက်စွာ ရှိနေခြင်းဖြင့် စားရေရိက္ခာ သီးနှံ ထုတ်လုပ်မှု အရည်အသွေးနှင့် အရေအတွက် နှစ်မျိုးစလုံး တိုးတက်ကောင်းမွန်စေနိုင်သည်။
ဝတ်မှုန်ကူးခြင်း၏ အရေးပါမှု
လက်ရှိကမ္ဘာမြေတွင် လူသားများအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများတည်ရှိမှုနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဝတ်မှုန်ကူးခြင်းကို ပျားများနှင့် တခြားအင်းဆက်ပိုးမွှားများက အဓိကဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံတွင် ရာသီစိုက်ပျိုး သီးနှံများ ဖြစ်သည့် ပန်းနှမ်း၊ နေကြာ၊ နှမ်း၊ ပဲမျိုးစုံ၊ စမုန်စပါး၊ နံနံ၊ ဆီမုန်ညင်း၊ မုန်ညင်း/မုန်လာ တို့နှင့် ရာသီ အလိုက်စိုက်ပျိုးသည့် ပန်းမန်ပင်များ နှင်းဆီ၊ စံပယ်၊ ဇွန်၊ စိန်ခြယ်ပန်းရောင်စုံ၊ မိုးကြိုပန်း၊ မေမြို့ပန်း၊ သစ္စာပန်း၊ ဂန္ဓမာပန်း၊ ပန်းတိမ်ငို၊ လီလီ၊ ဆောင်းချယ်ရီစသည်တို့သည် ပျားရည် ထုတ်ယူနိုင်သော အဓိက ပျားစာပင်များဖြစ်သည်။ ပင့်ကူထိပ်ပိတ်၊ နေကြာရိုင်း၊ ဘိစပ်၊ ကန္တာရ၊ အင်ကြင်း၊ တံငါပင်စိမ်း စသည့် သဘာဝပေါက်ပင်များသည် ပျားရည်ထုတ်ယူသည့် ပျားစာပင်များ ဖြစ်သည်။ မက္ကဒေးမီးယား၊ ဆီးပင်၊ ရာဘာ၊ လိုင်ချီး၊ လဲမှို့၊ သရက်၊ သံပုရာ၊ ကြက်မောက်၊ မန်ဂျန်ရှား၊ ကော်ဖီ၊ ဒူးရင်း၊ သရက်၊ လိမ္မော်၊ စတော်ဘယ်ရီ စသည့် နှစ်ရှည်စိုက်ပျိုးသီးနှံများသည်လည်း ပျားရည် ထုတ်ယူသည့် အပင်များဖြစ်ပြီး ဝတ်မှုန်ကူးခြင်း ကြောင့် အရည်အသွေးမြင့်သီးနှံများ အထွက်နှုန်းတိုးပြီး အကျိုးကျေးဇူး များစွာရရှိစေပါသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများဆိုင်ရာ အစိုးရများအကြား သိပ္ပံ-မူဝါဒ ပလက်ဖောင်း (IPBES)၏ အဆိုအရ သတ္တဝါများ ဝတ်မှုန်ကူးပေးမှုအပေါ် တိုက်ရိုက်မှီခိုနေရ သော ကမ္ဘာ့အသီးအနှံ ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၃၅ ဘီလီယံ မှ ၅၇၇ ဘီလီယံအထိ ရှိသည်။ ဝတ်မှုန်ကူးတိရစ္ဆာန် များသည် ကမ္ဘာ့သီးနှံထုတ်လုပ်မှု (ပမာဏ အားဖြင့်)၏ ၃၅ ရာခိုင်နှုန်းခန့် ပါဝင်ပတ်သက်ပြီး အဓိက အစား အစာသီးနှံ ၁၁၅ မျိုးတွင် ၈၇ မျိုး နှင့် ဆေးဖက်ဝင် အပင်များစွာ၏ အထွက်နှုန်းကို မြှင့်တင်ပေးပါသည်။ ကမ္ဘာလုံးဆိုင်ရာ အစားအစာ သီးနှံအမျိုးအစား ၇၅ ရာခိုင်နှုန်းခန့်သည် ဝတ်မှုန်ကူးပေးသော သတ္တဝါများ အပေါ် မှီခိုနေရပြီး ယနေ့လူသားများအတွက် အစားအစာမျိုးစုံရရှိနိုင်မှုသည် ၎င်းတို့၏ အရေး ပါမှုကို မီးမောင်း ထိုးပြနေပါသည်။
ဝတ်မှုန်ကူးမှုကျဆင်းခြင်း အဓိကအကြောင်းအရင်းများ
ယခုအခါ ပျားများနှင့် အခြားဝတ်မှုန်ကူးပေးသော သတ္တဝါများ၏ အရေအတွက်သည် သိသာထင်ရှားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ (IUCN)၏ အကဲဖြတ်မှု အစီရင်ခံစာအရ ပျားမျိုးစိတ် ၄၀ ရာခိုင်နှုန်းခန့်သည် မျိုးသုဉ်းရန် အန္တရာယ်ရှိ ကြောင်း သိရ ပါသည်။ သစ်တောပြုန်းတီးခြင်း၊ နေရင်းဒေသ သစ်တော သစ်ပင်များ အပိုင်းပိုင်းကွဲထွက်ခြင်း၊ လယ်ယာစိုက်ပျိုးရေးတွင် သီးနှံမျိုးစိတ် တစ်မျိုးတည်း ကိုသာ အကြိမ်ကြိမ် ဆက်တိုက်စိုက် ပျိုးခြင်း၊ ပိုးသတ်ဆေးများ အလွန်အကျွံ့သုံးစွဲခြင်း၊ အပူချိန် အလွန်အမင်း မြင့်တက်ခြင်းနှင့် ပန်းပွင့်ချိန်ပြောင်းလဲခြင်းကဲ့သို့ သော ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ သည် ဝတ်မှုန်ကူးပေးသော သတ္တဝါအရေအတွက် ကျဆင်းမှုအတွက် အဓိက အကြောင်းအရင်း များဖြစ်ပါသည်။
သစ်တောများ၏ ဝတ်မှုန်ကူးပေးခြင်းဆိုင်ရာ ဝန်ဆောင်မှု
သစ်တောများက ပံ့ပိုးပေးနေသော ဂေဟစနစ် ဝန်ဆောင်မှုများစွာအနက် ဝတ်မှုန်ကူးမှုကို ပံ့ပိုးသောဝန်ဆောင်မှုသည် စီးပွားရေးအရ အရေးပါဆုံးနှင့် တန်ဖိုးအရှိဆုံး ဝန်ဆောင်မှု တစ်ခု ဖြစ်သည်။ သစ်တောများသည် ပန်းဝတ်မှုန်ကူးသတ္တဝါများ အတွက် အစာအရင်းအမြစ်၊ အသိုက် ပြုလုပ်ရန်နေရာ၊ ခိုလှုံရာနှင့် မျိုးပွားရာနေရာများကို ပံ့ပိုးပေးသည့်အပြင် ပန်းဝတ်မှုန် ကူးပေး သည့် သတ္တဝါမျိုးစုံနှင့် အပင်မျိုးစိတ်များအကြား အပြန်အလှန်မှီခိုသော ဂေဟစနစ် ဆိုင်ရာ ဆက်နွှယ်မှုများ ကိုလည်း ထိန်းသိမ်းပေးပါသည်။ သစ်တောများတွင် အသိုက်ဖွဲ့ နေထိုင်ကြသော တောရိုင်းဝတ်မှုန်ကူးသတ္တဝါများသည် ဘေးပတ် ဝန်း ကျင်ရှိ စိုက်ပျိုးမြေများသို့ သွားရောက်ကာ သီးနှံများကို ဝတ်မှုန်ကူးပေးသဖြင့် သီးနှံအထွက်နှုန်း၊ သီးနှံအရည်အသွေးနှင့် ဈေးကွက် တန်ဖိုးတို့ကို သိသိသာသာတိုးတက်စေပါသည်။ သစ်တောများသည် အောက်ဖေါ်ပြပါ ဂေဟ ဗေဒဆိုင်ရာ အဓိကလုပ်ဆောင်ချက် သုံးခုမှတစ်ဆင့် တောရိုင်းဝတ်မှုန်ကူးသတ္တဝါများကို ကာ ကွယ်ထိန်းသိမ်းပေးထားပါသည်-
 အသိုက်ပြုလုပ်ရာနှင့် ဆောင်းခိုရာနေရင်းဒေသများ။ သစ်တောများ၊ အပင်ကြီးများ၊ သစ်ပင်ခြောက်များ၊ သစ်တော ကြမ်းပြင် မြေဆီလွှာ၊ အခေါင်းပါသော ပင်စည်များ၊ သစ်တောအုပ်အထက်ပိုင်း ညဉ့်ခိုရာများ၊ ကျောက်တောင်များ၊ ကြွေကျနေသော သစ်ရွက် များ၊ ပဲမျိုးနွှယ်အပင်ကြီးများ၊ ပန်းပွင့်သော ချုံပုတ်များ စသည့်နေရာများသည် တောရိုင်း ဝတ်မှုန်ကူးသတ္တဝါများအတွက် တည်ငြိမ်သောမှီခိုရာ၊ သားပေါက်ရာနေရင်း ဒေသ နားခို ရာ၊ အသိုက်ပြုလုပ်ရန်နေရာများကို ပံ့ပိုးပေး သည်။
 ဝတ်ရည်နှင့်ဝတ်မှုန်များ စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်း။ စိုက်ပျိုးရေးသီးနှံများ မပွင့် သော ရာသီပြင်ပကာလများတွင်လည်း သစ်တောအတွင်းရှိ မတူကွဲပြားသည့် အပင် မျိုးစိတ်များက ဝတ်မှုန်ကူးသတ္တဝါများ တစ်နှစ်ပတ်လုံး အသက်ဆက်နိုင်ရန် ဝတ်ရည်နှင့် ဝတ်မှုန်များကို မပြတ်ပံ့ပိုးပေးပါသည်။
 ရာသီဥတုပြင်းထန်မှုကို လျှော့ချထိန်းညှိပေးခြင်း။ သစ်တောသစ်ပင်များက အပူချိန်ကို လျှော့ချထိန်းညှိပေးခြင်း၊ လေပြင်းများကိုကာကွယ်ပေးခြင်းနှင့် အစိုဓာတ်ကို ထိန်းသိမ်း ပေးခြင်းတို့ဖြင့် နုနယ်သော ဝတ်မှုန်ကူးသတ္တဝါများကို ရာသီဥတုဒဏ်မှ ကာကွယ်ပေးပါ သည်။
သဘာဝဝတ်မှုန်ကူးခြင်း နှင့် ပျားမွေးမြူခြင်းဖြင့် ဝတ်မှုန်ကူးခြင်း
သဘာဝဝတ်မှုန်ကူးသတ္တဝါများ နှင့် စနစ်တကျ မွေးမြူ ထားသော ဝတ်မှုန်ကူးသတ္တဝါများ (ပျားမွေးမြူခြင်း) နှစ်မျိုး လုံးသည် သီးနှံထုတ်လုပ်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
၁။ သဘာဝ ဝတ်မှုန်ကူးခြင်း
မြန်မာနိုင်ငံ၏ အပူပိုင်းကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်ဒေသများမှသည် မိုးနည်းပူပြင်းသော အလယ်ပိုင်းလွင်ပြင်များနှင့် အမြင့်ပိုင်းအရှေ့ဘက်ကုန်းမြင့်ဒေသများအထိ ပါဝင်သည့် ထူးခြား သော ပထဝီဝင်အနေအထားသည် ဝတ်မှုန်ကူးသတ္တဝါများအတွက် မတူကွဲပြားသော ဂေဟစနစ် နယ်ပယ်များကို ဖန်တီးပေးထားပါသည်။ မြန်မာနိုင်ငံတွင် သဘာဝဝတ်မှုန်ကူးမှုပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် ဒေသတွင်းသီးနှံများ၊ ဒေသမျိုးရင်းအပင်များနှင့် မူလရှိပြီး ဝတ်မှုန် ကူး သတ္တဝါ အုပ်စုများအပေါ် မူတည်၍ ဂေဟစနစ်တစ်ခုချင်းစီအလိုက် သီးသန့်အစီအမံများ ရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ပါသည်။
(က) အလယ်ပိုင်း မိုးနည်းရေရှားဒေသ။ အဓိကဒေသမျိုးရင်း ဝတ်မှုန်ကူးသတ္တဝါ များ အနေဖြင့် ပျားကြီး/ သစ်တောပျား (Apis dorsata)၊ ပျားသေး/ယင်ပျား (Apis florea)၊ မျက်မွေးလိမ်ပျား/ စိမ့်ပျား (Trigona/Tetragonula) နှင့် မြေကြီးတွင် အသိုက်လုပ် တတ်သော တစ်ကောင် တည်းနေ ပျားများ တွေ့ရပါသည်။ ဝတ်မှုန်ကူး သတ္တဝါများ တိုးပွားလာစေရန်နှင့် သီးနှံများမပွင့် သောအချိန်တွင် တစ်နှစ်ပတ်လုံး ဝတ်ရည်ရရှိစေရန် အတွက် ရာသီသီးနှံများ၊ ဆီထွက်သီးနှံ စိုက်ခင်းများ ပတ်လည်တွင် ဘက်စုံသုံးပန်းပွင့် သည့် ဒေသမျိုးရင်း အပင်များ (ဥပမာ သင်္ဘောကသစ်၊ တမာ၊ ပေါက်၊ လက်ပံ၊ အညာကုက္ကို၊ စစ်၊ စွယ်တော်၊ မဲဇလီ၊ ပဲချယ်ရီ၊ ငုရွှေ၊ သမုန်းပင်၊ စောင်ချမ်း၊ ဆူးဖြူ၊ အကာရှား) အတန်းလိုက်စိုက်ပျိုးခြင်း။
(ခ) ရှမ်းကုန်းပြင်မြင့်နှင့် တောင်ပေါ် စိုက်ပျိုးဂေဟစနစ်များ။ အဓိကတွေ့ရသည့် ဒေသမျိုးရင်း ဝတ်မှုန်ကူးသတ္တဝါများမှာ ကျောက်ဆောင်ပျား(Apis laboriosa)၊ သစ်ခေါင်းပျား(Apis Cerana) ပျားမဲကြီးများ (Bombus မျိုးစိတ်များ)၊ အစွယ်မဲ့ ပျားများ၊ ယင်ပျံများ (Hoverflies) နှင့် သစ်တောက်ပျားများ (Xylocopa) တို့ဖြစ်သည်။ ဝတ်မှုန်ကူး သတ္တဝါများ တိုးပွားလာစေရေး နှင့်ဝတ်မှုန်ကူးလုပ်ငန်းများ ပိုမိုတိုးပွားလာ စေရေး အတွက် ကော်ဖီစိုက်ခင်းများအတွင်း ပန်းပွင့်သော ဒေသမျိုးရင်းအပင်ကြီးများ (ဥပမာ- ချယ်ရီ၊ ခါတော်မီ၊မက္ကာဒေးမီးယား၊ တောင်ဇလပ်မျိုး - Rhododendron sp.၊ ချယ်ရီ - Prunus cerasoides) ကို ပေါင်းစပ် စိုက်ပျိုးပေးခြင်း၊ ထောပတ်နှင့် မက္ကာဒေးမီးယား စိုက်ခင်း များအနီးတွင် သစ်တောက်ပျားများနှင့် တစ်ကောင်တည်းနေ ပျားများ အသိုက် ဖွဲ့နိုင် စေရန် ဆေးသုတ်မထားသော အခေါင်းပါသောသစ်သားတိုင်များ၊ ဝါးဆစ်စည်းများ နှင့် ကျောက်တိုင်များကို စိုက်ခြင်း၊ လှေကားထစ် စိုက်ခင်း အစွန်းများနှင့် ကန်သင်းများ တွင် ဒေသမျိုးရင်း ပန်းပွင့်သည့် မြေဆီလွှာ အဖုံးအအုပ် ပင်များကို စိုက်ပျိုးခြင်း၊ လှေကား ထစ်စိုက်ခင်းများတွင် ပန်းပွင့်အပင်တန်းများစိုက်ခြင်း။
(ဂ) ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်း ဒီရေတောများ၊ လမုတောများ။ ဒီရေတော၊ လမုတောနှင့် ယဉ်ပါးသော ရွှေ့ပြောင်းပျားကြီး အုပ်စုများ (Apis dorsata)၊ သစ်ခေါင်း ပျား(Apis cerana)၊ သစ်သီးစား လင်းဆွဲများ (Pteropus မျိုးစိတ်များ)၊ လိပ်ပြာနှင့် ဖလံများ (Hawk moths) စသည့် အဓိက ဒေသမျိုးရင်း ဝတ်မှုန် ကူးသတ္တဝါများကို တွေ့ရသည်။ ဒီရေတော၊ လမုတော များသည် ဒေသထွက်ပျားရည်ကို ထုတ်လုပ်ပေးရုံ သာမက ပျားများအတွက် အလွန်အရေးပါသော မျိုးပွားရာနေရာများ ဖြစ်ကြသဖြင့် ကန့်ဗလာပင်၊ ဗျူးပင်၊ ကနစိုပင်၊ ဓနိပင်စသည့် ဒီရေတော၊ လမုတောများကို ထိန်းသိမ်းခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်း၊ ဒူးရင်းသီးကဲ့သို့သော တန်ဖိုးမြင့်သစ်သီးများ အတွက် ညဘက်ဝတ်မှုန်ကူးပေးသည့် သစ်သီးစား လင်းဆွဲများ မှီခိုရာ အပင်ကြီးများနှင့် ဂူများကို ကာကွယ်ပေးခြင်း။
၂။ ပျားမွေးမြူခြင်းနှင့် ဝတ်မှုန်ကူးခြင်း
ပျားမွေးမြူရေး (Apiculture/ Beekeeping) သည် ဝင်ငွေရရှိစေသည့် မွေးမြူရေးလုပ်ငန်း တစ်ခု ဖြစ်သကဲ့သို့ သီးနှံများ၏ ဝတ်မှုန်ကူးခြင်းကို တိုးတက်စေပြီး သဘာဝဂေဟစနစ်နှင့် စိုက်ပျိုးရေး ထုတ်လုပ်မှုကိုလည်း အထောက်အကူပြုပါသည်။ ပျားမွေးမြူရေးဆောင်ရွက် ရာတွင် အဓိကအားဖြင့် အောက်ပါအချက်များ အထူးဂရုပြုဆောင်ရွက်သင့်ပါသည်-
(က) ပျားမျိုးရွေးချယ်ခြင်း။ ဒေသရာသီဥတုနှင့် ကိုက်ညီသော၊ ရောဂါဒဏ် ခံနိုင်ရည် ရှိသော၊ ဝတ်ရည်ဝတ်မှုန်စုဆောင်းမှုကောင်းမွန်၍ ပျားရည်အထွက် နှုန်းကောင်း မွန် သော ဒေသမျိုးရင်း ပျားမျိုးများကို ရွေးချယ်ခြင်း၊ မျိုးပွားနိုင်စွမ်းရှိသော ပျားဘုရင်မ ကို ရွေးချယ်ခြင်း နှင့် စီးပွားဖြစ်မွေးမြူနေသော ဥရောပပျားမျိုး Apis mellifera ကိုလည်း စနစ်တကျမွေးမြူခြင်း။
(ခ) ပျားအုံတည်နေရာ။ ပန်းပွင့်အပင်များ၊ သစ်တော၊ ဥယျာဉ်နှင့် စိုက်ခင်းများအနီးတွင် ထားရှိခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် နေအပူချိန်မြင့်မားခြင်းမှ ကာကွယ်နိုင် သောနေရာဖြစ်ခြင်း၊ လူနေအိမ်၊ ကျောင်း၊ လမ်းမနှင့် တိရစ္ဆာန်ခြံများမှ သင့်တော်သော အကွာအဝေးထားရှိခြင်း၊ ပျားအုံအဝင်အထွက်ပေါက်ကို လူသွားလမ်းများနှင့် မျက်နှာမူ၍ ချထားမွေးမြူခြင်းမှ ရှောင်ကြဉ်ခြင်း။
(ဂ) ပျားစားကျက်(Beeforage)စီမံခန့်ခွဲခြင်း။ ပျားမွေးမြူရေးအောင်မြင်မှုအတွက် တစ်နှစ်ပတ်လုံး ပန်းပွင့်ရရှိနိုင်သည့် နေရာများ ကိုရွေးချယ်ခြင်း၊ ပျားမွေးမြူရေးနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ပေါင်းစပ်ဆောင်ရွက်ခြင်း (Bee-friendly Agroforestry System)၊ ပန်းပွင့်နေချိန်တွင် ပိုးသတ်ဆေးဖျန်းခြင်းကို ရှောင်ကြဉ် ခြင်း၊ ဖျန်းရန်လိုအပ်ပါက ညနေပိုင်း/ပျားများလှုပ်ရှားမှုနည်းချိန်တွင် စနစ်တကျ အသုံးပြုခြင်း၊
(ဃ) ပျားအုံစောင့်ရှောက်မှုပုံမှန်စစ်ဆေးခြင်း။ ပျားအုံကို အုံပြင်ပစစ်ဆေးခြင်းအား နေ့စဉ်ပြုလုပ်၍ အုံတွင်းစစ်ဆေးသည့်အခါ အုံတွင်း၌ ပျားဘုရင်မ ရှိ/မရှိ၊ ဥနှင့် ပျားသား လောင်းပေါက်ပွားမှုအခြေအနေ၊ ပျားစာ(ဝတ်ရည်၊ ဝတ်မှုန်)လုံလောက်မှု ရှိ/မရှိ၊ ရောဂါ ကျရောက်မှု ရှိ/မရှိ၊ ပုံမှန်စစ်ဆေးပေးခြင်း၊ မိုးရာသီတွင် အစိုဓာတ်နှင့် ရောဂါများ ကို အထူးဂရုပြုခြင်း၊ ခြောက်သွေ့ရာသီတွင် ရေနှင့် ပျားစားကျက် (ပန်းစား ကျက်) လုံလောက်စေရန် စီမံဆောင်ရွက်ခြင်း၊ ပျားစာ(ပန်း) ရှားပါးချိန်တွင် အစာ အရံ ထား ရှိခြင်း/ လိုအပ်လျင် ဖြည့်စွက်အစာကျွေးခြင်း၊
(င) ပျားရည်စုဆောင်းခြင်း၊ ထုတ်ယူခြင်း။ ပျားအုံတစ်အုံလုံးမှ ပျားရည်ကို အလွန်အကျွံ ထုတ်ယူခြင်းမှ ရှောင်ကျဉ်၍ ပျားများအတွက် လုံလောက်သောအစာများ အရန် ချန်လှပ် ထားခြင်း၊ ပျားရည်ထုတ်ယူရာတွင် သန့်ရှင်းသောပစ္စည်းများ အသုံးပြုခြင်း၊ ပျားဖယောင်း (beeswax), ပျားကော် (propolis), ပျားဝတ်မှုန် (pollen) နှင့် ပျားနို့ (royal jelly) ကဲ့သို့သော ထုတ်ကုန် များကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ်ထုတ်လုပ်ခြင်း၊
သစ်တောများထိန်းသိမ်းခြင်းဖြင့် ဝတ်မှုန်ကူးခြင်း ကို မြှင့်တင်ကြပါစို့
သစ်တောများသည် သစ်နှင့် သစ်တောထွက်ပစ္စည်းများပံ့ပိုးပေးသည့် သဘာဝအရင်း အမြစ်ဖြစ်ရုံသာမက ဝတ်မှုန်ကူးခြင်းကို ထိန်းသိမ်းပေးသည့် အရေးပါသော ဂေဟစနစ် အခြေခံအဆောက်အအုံ (ecological infrastructure) တစ်ခုလည်း ဖြစ်သည်။ သစ်တော များသည် ဝတ်မှုန်ကူး သတ္တဝါများအတွက် အစာအာဟာရ၊ အနားယူရာနေရာ၊ အသိုက်ပြုရာ နေရာနှင့် ရာသီအလိုက် ခိုလှုံရာနေရာများကို ပံ့ပိုးပေးသဖြင့် ဝတ်မှုန်ကူးမှု ဝန်ဆောင်မှုများ ရေရှည်တည်တံ့စေရန် အခြေခံကျပြီး အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပျားနှင့် အခြားဝတ်မှုန်ကူး သတ္တဝါများကို ထိန်းသိမ်းခြင်းသည် ပျားရည်ထုတ်လုပ်မှုကို တိုးတက် စေရုံ သာမက သီးနှံများ၏ ဝတ်မှုန်ကူးမှု၊ ထုတ်လုပ်မှု နှင့် အရည်အသွေးကိုလည်း အထောက် အကူပြုနိုင်ပါသည်။ သစ်တော ဂေဟစနစ်စီမံအုပ်ချုပ်မှုကို စနစ်တကျဆောင်ရွက်ခြင်း၊ ရာသီ သီးနှံ စိုက်ခင်းများနှင့် ကော်ဖီစိုက်ခင်းများအပါအဝင် တန်ဖိုးမြင့် သီးနှံဥယျာဉ်ခြံများအနီးတွင် ဒေသမျိုးရင်း ပန်းပွင့်သော အပင်မျိုးစုံကို စိုက်ပျိုးခြင်း၊ သစ်တောနှင့် စိုက်ပျိုးရေးမြေများအကြား ဂေဟစနစ် ဆက်သွယ်မှု ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ပျားမွေးမြူရေးနှင့် တွဲဖက်လျက် သီးနှံသစ်တော ရောနှောစိုက်ပျိုးစနစ်များ စနစ်တကျ စီမံဆောင် ရွက်ခြင်းဖြင့် သဘာဝဝတ်မှုန်ကူးခြင်းများ ပိုမိုတိုးပွား လာပြီး စိုက်ပျိုးရေးသီးနှံ ထုတ်လုပ်မှုနှင့် အရည်အသွေးများလည်း ပိုမိုတိုးတက် ကောင်းမွန် လာမည် ဖြစ်ပါသည်။
စိုက်ပျိုးရေးသီးနှံများ ထုတ်လုပ်မှု တိုးတက်ရေး
ကိုးကား
IPBES. (2016). The Assessment Report on Pollinators, Pollination and Food Production: Summary for Policymakers. Bonn, Germany.
Klein, A.-M and Vaissière, B. E., et. al., (2007). Importance of pollinators in changing landscapes for world crops.
Garibaldi, L. A., et al. (2013). Wild pollinators enhance fruit set of crops regardless of honey bee abundance. Science, 339(6127), 1608–1611.

date: 
Monday, September 7, 2026 - 10:30