ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း ကာလိ(၁)ကြိုးပြင်ကာကွယ်တောသတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း ကျရောက်နေ သည့် ဧရိယာအကျယ်အဝန်း (၄၂,၀၃၀) ဧကရှိသောနယ်မြေကို “ကာလိ(၁)ကြိုးပြင်ကာကွယ်တော” အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) မှစ၍ သတ်မှတ်လိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေ၊ မြေ ထိန်းသိမ်း ကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုကောင်းမွန် မျှတလာစေရန်၊ သစ်တောထွက်ပစ္စည်းများစဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး ပြုစုထိန်းသိမ်းရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိပြီး အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေများတွင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တောများတိုးချဲ့ဖွဲ့စည်းလာနိုင်ခြင်းဖြင့် သစ်တောနယ်မြေများ တိုးပွားလာစေရန်နှင့် ဒေသခံ တိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောကို သတ်မှတ်ခြင်းဖြစ်ပါသည်။
ကာလိ(၁)ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသော အင်ကြင်း၊ သစ်ယာ၊ ထောက်ကြံ့၊ သစ်စေး၊ ဇီးဖြူ၊ ဖန်ခါး၊ သစ်ယား၊ သစ်မကျီး၊ ရင်းတိုက်၊ ရင်းစပ်၊ လက်ပံပင်များ ပေါက်ရောက်ပြီး၊ ဝါးပိုးဝါး၊ မျှင်ဝါး၊ သိုက်ဝါးများ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဝက်ဝံ၊ ယုန်၊ တောဝက်၊ ဂျီ၊ တောကြောင်၊ ကြက်တူရွေး၊ ဗျိုင်းငှက်များ၏ နေရင်းဒေသများထိန်းသိမ်းခြင်းအားဖြင့် ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတတ်မှု အထောက် အကူပြုနိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ချပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

