ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံအမှာစကားပြောကြား
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတွေ့ဆုံ အမှာစကား ပြောကြားခြင်းနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့် အဆောက်အဦမြေနေရာများအား ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေ သနနှင့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည့် အဆင့်မီတက္ကသိုလ် တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာကြီးသည် စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် အတူ သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစုံမျိုးကွဲ လျော့နည်းလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရေရှားပါးမှု၊ မြေဆီလွှာပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ ပလပ်စတစ်နှင့် အမှိုက်ပြဿနာများစသည့် ပတ်ဝန်းကျင် ဆိုင်ရာစိန်ခေါ်မှုများ ပိုမိုရှုပ်ထွေးများပြားလာပြီး ရာသီဥတုပြောင်းလဲမှုသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတစ်ခုတည်းသာမက စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သစ်တော၊ ကျန်းမာရေး၊ ရေအရင်း အမြစ်၊ အခြေခံအဆောက်အအုံ၊ စီးပွားရေးနှင့် လူမှုဘဝအားလုံးကို ထိခိုက်စေနိုင်သော ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုကြီး တစ်ခုဖြစ်လာခြင်းကြောင့် သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခန်းကဏ္ဍသည် ယခင်ကထက် ပိုမိုအရေးကြီး လာကြောင်း၊ သို့ဖြစ်ပါ၍ သစ်တော ကဏ္ဍသည် အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု သဘာဝပတ်ဝန်းကျင် ထာဝစဉ် တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတရေးတို့ကို အကျိုးပြုရာမှာ အရေးပါသောကြောင့် တက္ကသိုလ် တက်ရောက်စဉ် ကတည်းက သစ်တောနှင့် ပတ်သက်သည့် စီမံအုပ်ချုပ်ရေး ဆိုင်ရာပညာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာများကို နားလည်တတ်ကျွမ်းအောင် ကြိုးစား သင်ယူလေ့လာ၍ အရည်အချင်းပြည့်ဝသော ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ဆရာ/ဆရာမများမှ လည်း သင်ကြားပေးနေသကဲ့သို့ ကျောင်းသား/ ကျောင်းသူများအနေဖြင့် တက္ကသိုလ်မှ ချမှတ်ထား သော စည်းကမ်းများအား လိုက်နာပြီး အစွမ်းကုန် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ်ရုံးအစည်းအဝေး ခန်းမတွင် ပါမောက္ခချုပ်က သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဖွဲ့စည်းပုံ၊ စာသင်ကြား ပေးမှု အခြေအနေနှင့် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့် အဆောက်အဦများ၏ မြေနေရာ ရွေးချယ်ထားမှု အခြေအနေများအား တင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နှစ်ထပ် စာသင်ဆောင် တည်ဆောက်မည့်နေရာ၊ Recreation Center တည်ဆောက်မည့် နေရာနှင့် ကျောင်းသားအိပ်ဆောင် တည်ဆောက်မည့်နေရာတို့အား လိုက်လံ ကြည့်ရှုု စစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။



