ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းနမ့်စန်ကြိုးပြင်ကာကွယ်တောသတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း ကျရောက်နေ သည့် ဧရိယာအကျယ်အဝန်း (၂၁,၉၃၃) ဧကရှိသောနယ်မြေကို “နမ့်စန်ကြိုးပြင်ကာကွယ်တော” အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) မှစ၍ သတ်မှတ်လိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒေသမျိုးရင်းရှားပါး သစ်ပင်များနှင့် တိရစ္ဆာန်များ၏ မူရင်းဒေသတိုးပွါးလာစေရန်၊ ဒေသခံများ၏ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် သဘာဝရေထွက်များ ရေရှည်တည်တံ့စေရန်နှင့် ရေဝေရေလဲဒေသများအား ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောကို သတ်မှတ်ခြင်းဖြစ်ပါသည်။
နမ့်စန်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသော တားမြစ် သစ်ပင်ဖြစ်သည့် ထင်းရှူးသစ်မျိုးများနှင့် သစ်နီ၊ သစ်ယား၊ သစ်အယ်၊ ညံသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သံလွင်မြစ်အတွင်းစီးဝင်သော နမ့်တိန်ချောင်း၏ ရေဝေရေလဲဧရိယာ အား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ တောဝက်၊ လင်းတ၊ တောကြောင်၊ ဂျီ၊ ဒေါင်း၊ ရေကြက်၊ သာလိကာ၊ ကြက်တူရွေးစသည့်တိရစ္ဆာန်များ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတုကောင်းမွန်မျှတလာနိုင်ခြင်းနှင့် သဘာဝရေထွက်စိမ့်စမ်း များကို ထိန်းသိမ်း နိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

date: 
Monday, September 14, 2026 - 10:45