ဈေးကွက်ဝင်တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများအရည်အသွေးထိန်းသိမ်းခြင်းနှင့်ဈေးကွက်မြှင့်တင်ခြင်းသင်တန်း”သင်တန်းဆင်းပွဲကျင်းပ
(၁၄-၉-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၃၀)အချိန်တွင်“ဈေးကွက်ဝင်တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများအရည်အသွေးထိန်းသိမ်းခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းသင်တန်း”သင်တန်းဆင်းပွဲအခမ်းအနားကို သစ်တောဦးစီးဌာန၊ သစ်တောသုတေသနခွဲ၊ စုဝေးခန်းမ၌ ကျင်းပရာ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။ဦးစွာညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင်ယခုသင်တန်းသည် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနခွဲနှင့် အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO) တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်“သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများဆိုင်ရာပြည်သူအခြေပြုအသေးစား စီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင် ခြင်းစီမံကိန်း”၏အထောက်အပံ့ဖြင့်(၅)ရက်ကြာအောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်ယူခဲ့ရသည့် တန်ဖိုးမြှင့်ဝါးလက်မှုထုတ်ကုန်များ အရည်အသွေးထိန်းသိမ်းခြင်း၊ ဈေးကွက်တိုးချဲ့ထုတ်လုပ်ခြင်းနှင့်“လဲလူးအိုင်”ဝါးလက်မှုထုတ်ကုန် အမှတ်တံဆိပ်အဖြစ် ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာ နည်းပညာနှင့် ဘာသာရပ်များကိုလက်တွေ့နယ်ပယ်တွင်အကျိုးရှိရှိ ပြန်လည်အသုံးပြုကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဟူသော မူဝါဒအတိုင်း ဝါးစက်မှု/လက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝါးကုန်ကြမ်းမှကုန်ချောထုတ်လုပ်ရေးနှင့် မိသားစုဝင်ငွေတိုးတက်ရရှိရေးတို့အတွက်တီထွင်ကြံဆမှုများဖြင့် စီးပွားရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာသင်တန်းသား/သူများကိုယ်စားသင်တန်းသားကိုယ်စားလှယ်များက လက်ခံရယူကြပြီး သင်တန်းသားများ ပြုလုပ်ဖန်တီးထားသည့် တန်ဖိုးမြှင့်ဝါးလက်မှုထုတ်ကုန် နမူနာပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။




