တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)တွင် ဆင်ထီးငယ်တစ်ကောင်မွေးဖွားခြင်း

ဇီဝမျိုးများထိန်းသိမ်းရေး၏ အရေးကြီးမှုကို သိရှိပြီးသည့်အလျှောက် နိုင်ငံတော်အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းကို ဂရုစိုက်ဆောင်ရွက်လျက်ရှိရာ သဘာဝထိန်းသိမ်း ရေး နယ်မြေများတည်ထောင်ခြင်း၊ ဘေးမဲ့တောများ၊ ဥယျာဉ်များတည်ထောင်ခြင်းနှင့် သစ်တော ဥပဒေများ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး မူဝါဒ၊ ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ရှေး မြန်မာမင်းများ လက်ထက်ကတည်းက ဆင်ကို ရတနာတစ်ပါးအဖြစ် တန်ဖိုးထားခဲ့ကြပါသည်။ ဆင်ကို သယ်ယူပို့ဆောင်ရေးနှင့် သစ်ထုတ်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်းသည် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေသည့်အတွက် ယနေ့တိုင် အသုံးပြုလျက်ရှိပါသည်။

          တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)တွင် ဆင်ထီး မောင်မောင်လွင်နှင့် အသက်(၁၃)နှစ် အရွယ်ရှိ ဆင်မငယ် မေကဆုန်တို့မှ (၁၆-၁၂-၂၀၁၃) ရက်နေ့၊ ည(၂၃:၃၀)နာရီတွင် ယင်းဥယျာဉ် ဆင်ပြကွက်အတွင်း၌ ဆင်ထီးငယ်တစ်ကောင်ကို မွေးဖွားခဲ့ပါသည်။ ဆင်ထီးငယ်မှာ မွေးဖွားပြီး (၁)နာရီအကြာတွင် မိခင်နို့စတင်စို့နေပြီး ဝမ်း/ ဆီးသွားခြင်း၊ လှည့်ပတ်လမ်းလျှောက်နေခြင်း ကြောင့် ကျန်းမာသန်စွမ်းလျက်ရှိပြီး သက်ဆိုင်ရာဆင်ထိန်း၊ ဆင်ဦးစီးများနှင့် ဥယျာဉ်ဝန်ထမ်း များမှ အနီးကပ်စောင့်ရှောက်ပေးလျက်ရှိပါသည်။ ဆင်ထီးငယ်၏ ကိုယ်ရေးအချက်အလက် (Bio  data)များမှာ အရပ်အမြင့် ၂ပေ၉လက်မ၊ လုံးပါတ် ၄ပေ ၂လက်မ၊ အမြီး ၁ပေ ၄လက်မ၊ မျက်လုံး မှာ ဘုတ်၊ နားရွက်မှာ နားလတ်၊ ကျောမှာ ငှက်ပျောကိုင်း၊ ခြေသည်းမှာ ရှေ့ ၅/၅ နောက် ၄/၄ နှင့် အသားအရေမှာ သြဇာခွံအရောင်ဖြစ်ပါသည်။

          ဆင်မငယ် မေကဆုန်သည် လှော်ကားဥယျာဉ်ရှိ မိခင်ဆင်မ မခိုင်နှင့် ဖခင်ဆင်ထီး ဂံအောင်တို့မှ မွေးဖွားခဲ့ပြီး (၁၂-၂-၂၀၀၈)ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)သို့ ရောက်ရှိအရွယ်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ဆင်မငယ်သည် ယခင်ကမွေးဖွားခဲ့သော ကလေးငယ် မှာ သေဆုံးခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံ၍ အောင်မြင်စွာမွေးဖွားခဲ့ခြင်း ဖြစ်ပါသည်။ သို့ပါ၍ ယခင် က တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ဆင်ကောင်ရေ (၁၁)ကောင်ရှိခဲ့ပြီး ယခုမေကဆုန်မှ ဆင်ထီးငယ်(၁)ကောင် မွေးဖွားခဲ့ခြင်းကြောင့် စုစုပါင်းဆင်ကောင်ရေ(၁၂)ကောင်ကို ထိန်းသိမ်း စောင့်ရှောက်မွေးမြူပြသထားပါသည်။