ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား မြန်မာ-ဟောင်ကောင် ကုန်သည်ကြီးများအသင်းမှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း (နေပြည်တော်၊ ၁၁-၆-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား မြန်မာ-ဟောင်ကောင် ကုန်သည်ကြီးများအသင်းမှ Founding Chairman ဖြစ်သူ Mr. Albert Oung ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၁-၆-၂၀၁၄)ရက်နေ့၊ (၁၄:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးသန်းလှိုင်၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဌာန်းထားမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားမှုနှင့် ရှေ့လုပ်ငန်းအစီအစဉ်များ၊ အစိမ်း ရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်များ ကျင်းပနေမှုအခြေအနေများ အပေါ်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြန်မာ-ဟောင်ကောင် ကုန်သည်ကြီးများအသင်းအနေဖြင့် မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန်အလားအလာများ၊ Organic Products များထုတ်လုပ်သွားရန်၊လယ်သမားများအား အစိမ်းရောင်နည်းပညာများ(Green Technology) တိုးချဲ့ပညာပေးသွားရန်၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် အလားအလာများ၊ Green Hotel ၊ Green University တည်ထောင်သွားရန်၊ အစိမ်းရောင် စီးပွားရေးလုပ်ငန်းများနှင့် အစိမ်းရောင်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် အလားအလာများကို ဆွေးနွေးခဲ့သည်။ ဟောင်ကောင်မှ လုပ်ငန်းရှင်များအနေဖြင့် သီလဝါစီးပွားရေးဇုန်တွင် လာရောက် ရင်းနှီး မြှုပ်နှံသွားရန်ရှိကြောင်း သတင်းရရှိသည်။