ဒေသတွင်း အတွေ့အကြုံကောင်းများကို ဆင့်ပွား၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖို ထုတ်လုပ်ဖြန့်ဖြူးမှု မြှင့်တင်ရေးစီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပသည့်သတင်း (၁၂- ၉ - ၂၀၁၄၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ (၁၂-၉-၂၀၁၄) ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် ကျင်းပပြုလုပ်သည့် ဒေသတွင်း အတွေ့ အကြုံကောင်းများကို ဆင့်ပွား၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖို ထုတ်လုပ်ဖြန့်ဖြူးမှု မြှင့်တင်ရေး စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးမှ တာဝန်ရှိသူများ၊ ပြင်သစ်နိုင်ငံ အခြေစိုက် ပြန်ပြည့်မြဲစွမ်းအင် သုတေသနဌာန၊ အရှေ့တောင်အာရှ ဒေသရုံးမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ တက်ရောက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနနှင့် ပြင်သစ် နိုင်ငံအခြေစိုက် ပြန်ပြည့် မြဲစွမ်းအင်သုတေသနဌာနမှ ပူးပေါင်းအကောင်အထည်ဖော်မည့် ဒေသတွင်း အတွေ့အကြုံကောင်းများကိုဆင့်ပွား၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုထုတ်လုပ်ဖြန့်ဖြူးမှု မြှင့်တင် ရေးစီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးအတွက် လုပ်ငန်းစဉ်(၇)ရပ်ချမှတ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုသာမက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူဦးရေနှင့်လူနေမှုစနစ် တိုးတက်လာသည်နှင့်အမျှ ရေ၊ မြေ၊ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများပြားလာပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ် သော ရေထု၊ လေထုညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးစိတ်များ မျိုးတုံးပျောက်ကွယ်ခြင်း၊ ဂေဟ စနစ်များယိုယွင်းခြင်း စသော စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း၊ သစ်တောသယံဇာတများ ပြုန်းတီးလာမှုသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိကြောင်း၊ IPCC ၏ ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သစ်တော ပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှုကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ မှာ ကဏ္ဍအသီးသီး ထုတ်လွှတ်မှု၏(၁၇.၄)%ရှိကြောင်း၊ သစ်တောပြုန်းတီးခြင်း၏ အဓိက အကြောင်းအရင်းတစ်ရပ်မှာ လောင်စာအတွက်ထင်း၊ မီးသွေးထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာ့ ကျေးလက်နှင့် မြို့ပြပြည်သူများအတွက် ထင်းလိုအပ်ချက် ကုဗတန် (၁၆.၅၃)သန်းခန့်ရှိပြီး ထင်း၊ မီးသွေးသုံးစွဲမှုပမာဏမှာ(၇၆.၄၁)% ထိရှိကြောင်း၊ ထို့ကြောင့် နှစ်(၃၀) အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း အရ ထင်းလောင်စာသုံးစွဲမှုပမာဏသည် ၂၀၀၀ ပြည့်နှစ်တွင် စွမ်းအင်သုံးစွဲမှု စုစုပေါင်း (၇၆.၆)%၊ ၂၀၂၀ ခုနှစ်တွင် (၅၈)% နှင့် ၂၀၃၀ ခုနှစ်တွင်(၄၆)% အထိ လျော့ကျစေရန် ရည်ရွယ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ တွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေခြင်း၊ ထင်းအစားအခြားလောင်စာသုံးစွဲခြင်းလုပ်ငန်းကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၁၉၉၇-၉၈ ခုနှစ်မှ ယနေ့အထိ စွမ်းအားမြှင့်မီးဖို လုံးရေ(၅)သိန်းခန့်ဖြန့်ဝေနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ စွမ်းအားမြှင်မီးဖိုသုံးခြင်းဖြင့် ထင်းလောင်စာကုန် ကျမှု(၄၀)% သက်သာပြီး ကျေးလက်ပြည်သူများအနေဖြင့် တစ်နှစ်လျှင် ထင်း(၂.၅)တန်သုံးစွဲရသဖြင့် စွမ်းအားမြှင့်မီးဖို(၁)လုံးသုံးစွဲပါက တစ်နှစ်စာအတွက် ထင်း(၁)တန်ချွေတာနိုင်ကြောင်း၊ သစ်တော ဦးစီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက်ပြန်ပြည့်မြဲစွမ်းအင် သုတေသနဌာနတို့ ပူးပေါင်းပြီး ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထုတ်လုပ်မှုမြှင့်တင်ရေး နှင့် ဖြန့်ဖြူးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စွမ်းအားမြှင့်မီးဖို အသုံးပြုခြင်းဖြင့် ထင်းသုံးစွဲမှု၊ သဘာဝတောများအပေါ် မှီခိုမှု လျော့ကျ လာခြင်း၊ အချိန်ကုန်ငွေကုန်သက်သာခြင်း၊ မီးအန္တရာယ်ကာကွယ်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါး စေခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် မှာဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ အခြေစိုက်ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာနမှ ပညာရှင်များ၊ ဆက်စပ်ဌာနများမှကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပညာရှင်များတို့မှ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စာတမ်းများဖတ်ကြားပြီး ဆွေးနွေးပွဲကို ညနေ(၄:၃၀) တွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။