ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အားUK Department for Environment, Food and Rural Affairs, International Biodiversity မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း (နေပြည်တော်၊ ၁-၁၂-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အားUK Department for Environment, Food and Rural Affairs, International Biodiversity မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

(နေပြည်တော်၊ ၁-၁၂-၂၀၁၄)

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် UK Department for Environment, Food and Rural Affairs, International Biodiversity ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Jeremy Eppelနှင့် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဆိုင်ရာဗြိတိန်နိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Mr. Anthony Preston တို့အားယနေ့ ၁-၁၂-၂၀၁၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအ​ဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

            ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့တက်ရောက်ကြသည်။

            တွေ့ဆုံဆွေးနွေးရာတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ဖမ်းဆီးမှုများနှင့် ကူးသန်း ရောင်းဝယ်မှုများတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်များ တရားမဝင် ကူးသန်း ရောင်းဝယ်မှုတိုက်ဖျက်ရေးအဆင့်မြင့်အရာရှိများဆွေးနွေးပွဲ၏ ရလာဒ်များအပေါ် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ၂၀၁၅ ခုနှစ်၊ မတ်လတွင် Botswana နိုင်ငံ၊ Kasane မြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေးအဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲတွင် အဓိက ဆွေးနွေးသွားမည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံအတွင်းတောရိုင်းတိရစ္ဆာန်များတရားမဝင် ကူးသန်းရောင်းဝယ်မှုများထိရောက်စွာတိုက်ဖျက်နိုင်ရေး ဆောင်ရွက်မှုများနှင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်း (UNFCCC) ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် ဗြိတိန်နိုင်ငံမှ နည်းပညာနှင့် ရန်ပုံငွေပံ့ပိုးပေးရေး ဆိုင်ရာကိစ္စရပ်များစသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း (CITES)၊ ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေး ဆိုင်ရာကွန်ဗင်းရှင်း (UNCBD)၊ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC)၊ အာဆီယံဒေသတောရိုင်းတိရစ္ဆာန်များ တရားမဝင်ကူးသန်း ရောင်းဝယ်မှုတားဆီးရေးကွန်ယက် (ASEAN-WEN)စသည်တို့တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်း  ပါဝင်ဆောင်ရွက်လျက်ရှိပြီး၊  ASEAN-WEN နှင့် INTERPOLတို့မှ ကြီးမှူးဆောင်ရွက်သည့် တောရိုင်းတိရစ္ဆာန်များတရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သည့် Operation COBRA တို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံအဆင့်တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ရောင်းဝယ်မှုများအား ဥပဒေအရထိရောက်စွာအရေးယူတားဆီးရေးလုပ်ငန်းအဖွဲ့ (National Wildlife Law Enforcement Task Force) ကိုဖွဲ့စည်းထားပြီး တောရိုင်းတိရစ္ဆာန်တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့ကို အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။