၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု လုပ်ငန်း ကော်မတီဝင်ဌာနများမှကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာန မှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမင်းသူက ယနေ့ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားဟာ ဒီရေတောအရေးပါမှုကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်ပြီး ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်တည် ထောင်ရေးများတွင် ပြည်သူများနိုးကြားစွာဖြင့် ပိုမိုပူးပေါင်းပါဝင်လာစေရေး အတွက် “ဒီရေတောများသားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာမြှင့်တင် ပေး” ဟူသောဆောင်ပုဒ်ဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဒီရေတောများဟာ ကမ္ဘာ့အပူပိုင်း မုတ်သုံရာသီ ဥတုရရှိသည့် နိုင်ငံ ပေါင်း(၁၂၃)နိုင်ငံမှာ ပေါက်ရောက်ပြီး ကမ္ဘာ့သစ်တောများ၏ ၀.၄ % သာ ရှိပါကြောင်း၊ မြန်မာ နိုင်ငံမှာ ကမ်းရိုးတန်းတိုင်းဒေသကြီး(၄)ခုနှင့် ပြည်နယ်(၂)ခုမှာ ဒီရေတောဧရိယာဧက (၁.၁)သန်းကျော် ပိုင်ဆိုင်ထားသည့်အတွက် ကမ္ဘာပေါ်တွင် သတ္တမ မြောက် ဒီရေတောဧရိယာ အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပါကြောင်း၊ ဒီရေတောများက ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု အမျိုးမျိုး ထောက်ပံ့ပေးနိုင်သည့်အပြင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိကြောင်း၊ ဒီရေတောများဟာ လူဦးရေတိုးလာ ခြင်းနှင့်အတူ ပျက်စီးမှု ကြုံတွေ့နေရပါသည့်အတွက် ဒီရေတောသယံဇာတများ ထိန်းသိမ်းရေး နှင့် အသုံးပြုသူများအကြား ထိန်းညှိပေးပြီး ဟန်ချက်ညီညီဖွံ့ဖြိုးစေဖို့ အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

နိုင်ငံတော်အနေဖြင့် ဒီရေတောအမျိုးအစားနှင့် အခြေအနေပေါ်မူတည်၍ စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ(၃)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ ယနေ့အချိန်အထိ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော(၄၄)ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၆)ခု တည်ထောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောပြန်လည်တည်ထောင်ရေးစီမံကိန်း အစီ အစဉ်ဖြင့် ၂၀၂၄ ခုနှစ်အထိ ဒီရေတောစိုက်ခင်း(၂၁၈၃၀) ဧက တည်ထောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကြိုတင်အစီအမံများချမှတ်ခြင်းနှင့် ပြန်လည် တည်ထောင်ရေးလုပ်ငန်းတို့ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ၊ ဒီရေတောများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်မှုအခန်း ကဏ္ဍသည် အထူးအရေးကြီးပြီး လူထုအခြေပြု ဒီရေတောစိုက်ပျိုးခြင်း ၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခြင်း၊အစိမ်းရောင်တံတိုင်း(Green Belt)များကိုလူထုပူးပေါင်းပါဝင်မှုဖြင့်တည်ထောင် ခြင်းတို့တွင်ပြည်သူလူထုမှပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်ခြင်းဖြစ်ပါကြောင်း၊
ဒီရေတောအရေးပါပုံကို သိရှိနားလည်ပြီး သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး တွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် “အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်ဟောပြောပွဲများ ၊ သစ်ပင်စိုက်ပျိုးပွဲတော်များ၊ စကားဝိုင်းဆွေး နွေးပွဲကျင်းပခြင်းနှင့် ပညာပေးပိုစတာများ ခင်းကျင်းပြသခြင်းဖြင့် အနှစ်သာရရှိစွာ ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အခမ်းအနားနေ့အထိမ်းအမှတ်အဖြစ် သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများအား ပညာသင်ထောက်ပံ့ရန်ပုံငွေနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “ မြန်မာနိုင်ငံဒီရေတောဂေဟ စနစ်များ ထိန်းသိမ်းရေးအားလုံးပါဝင်ဆောင်ရွက်ပေး ”ခေါင်စဉ်ဖြင့် Keynote Presentation ဖြင့် ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသော အထိမ်းအမှတ်ပိုစတာများကို လှည့်လည်ကြည့်ရှု၍ ဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။

date: 
Friday, July 26, 2024 - 17:15