Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၃၄.၅၄၄၁)တန်၊ သစ်မာ(၃၈.၈၉၀၂)တန်၊ အခြား (၄၈.၈၁၅၉)တန်၊ စုစုပေါင်း(၁၂၂.၂၅၀၂)တန်၊ တရားခံ(၅၂)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ၊ ဦးအောင်ကိုမင်း ၏ နေအိမ်အတွင်း တရားမဝင် အင်ခွဲသားဆိုဒ်စုံ(၄၇၂)ချောင်း (၆.၄၈၃၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

၂၆-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းများ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ ချောင်းကျေးရွာမြောက်ဘက်(၂)မိုင်ခန့်အကွာ၊ ခံဇားလာကာကြိုးဝိုင်းအကွက်အမှတ်(၆၀)အတွင်းမှ တရားမဝင်ကျွန်းသစ်(၂၁)လုံး(၁၀.၃၃၂၀)တန်အား ဂျင်ဒေါင်း(တရုတ်နီ)အင်ဂျင်ပါသစ်စက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ နတ်လာပို့(မြောက်ရွာ ဆိပ်ကမ်း)တွင် အစိမ်းရောင်စက်လှေအသေး(၁)စီးပါ ဖောင်(၁)ဖောင်မှ တရားမဝင်အင်ခွဲသား (၄၃၂)ချောင်း (၇.၄၆၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၇-၈-၂၀၁၉ ရက်နေ့၊(၁၅:၃ဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား Mr. Mark Grindley၊ Country Director၊ FFI မှ လာရောက်တွေ့ဆုံ၍ စီမံကိန်း အဓိက ရလဒ်များနှင့် အကျိုးသက်ရောက်မှုရလဒ်များ၊ အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေ (MPA)များ တည်ထောင်နိုင်ရေးပံ့ပိုးမှု ရရှိရန်အတွက် ရန်ပုံငွေအဆိုပြုလွှာများပြုစုထားမှု၊ ဧရာဝတီအထက်ပိုင်းဒေသရှိ ရေဝပ်ဒေသ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှု၊ တနင်္သာရီတောင်ပိုင်းဒေသတွင် ဆောင်ရွက်မည့် ITHCP ကျားထိန်းသိမ်းရေးစီမံကိန်း အဆိုပြုလွှာအသစ်ပြုစုထားမှု၊ မြိတ်ကျွန်းစုရှိ ဒီရေတောဒေသအား လူသားနှင့် ဇီဝအဝန်းနယ်မြေ(MAB) အဖြစ်သတ်မှတ်ခံရရေးနှင့် MAB အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ အင်းတော်ကြီးနှင့် မိန်းမလှကျွန်း ဘေးမဲ့တောတို့၌ ACB ၏ အသေးစားရန်ပုံငွေ(Small Grants )ဖြင့်ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၊ သစ်တောဦးစီးဌာမှဆွေးနွေးလိုသည့်အကြောင်းအရာ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၇-၈-၂၀၁၉ ရက်နေ့၊ နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား World Bank အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံ၍ World Bank အဖွဲ့အစည်းမှ အဆိုပြုသစ်တောမြေ ပိုင်ဆိုင်လုပ်ကိုင် ခွင့်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရည်ရွယ်ချက်များနှင့် အလားအလာရှိသည့် အကျိုးကျေးဇူးများကို ဆွေးနွေးရန်၊ အဆိုပါ အကဲဖြတ်ဆန်းစစ်ခြင်းသည် FREDIP စီမံကိန်းလုပ်ငန်းစီမံချက်များရေးဆွဲပြင်ဆင် ခြင်းအပေါ် မည်ကဲ့သို့သက်ရောက်နိုင်သည်၊ အကျိုးပြုနိုင်သည်ကို ဆွေးနွေးရန်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပါသည်။၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးဆိုင်ရာ သင်တန်း” (AFoCO Regular Training Course on “Sustainable Use of Biodiversity for Livelihood Improvement”)ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ် ကျင်းပမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၆-၈-၂၀၁၉)ရက်နေ့၌ ကျင်းပခဲ့ရာ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်၊လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ စဉ်ဆက်မပြတ် သုံးစွဲရေး အပေါ် နားလည်မြှင့်တက်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ များအချင်းချင်း အတွေ့အကြုံများနှင့် လက်တွေ့ကြုံတွေ့နေရသည့် အကြောင်းအရင်းများ မျှဝေနိုင်ရန်နှင့် အတွေ့အကြုံများကို အခြေခံ၍ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ် ဆွေးနွေးကာ အလားအလာရှသော အကြံပြုချက်များနှင့် အတွေ့ခေါ် အယူအဆများပေါ် ထွက်လာစေရန် ရည်ရွယ်လျက် ဤသင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်၊သင်တန်းသို့ ပြည်တွင်း/ပြည်ပမှ သင်တန်းဆရာ (၆)ဦးနှင့် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘူတန်၊ မြန်မာ၊ မွန်ဂိုလီးယား၊ လာအို၊ ထိုင်းနှင့် အင်ဒိုနီးရှား စသည့် နိုင်ငံ(၁၀)နိုင်ငံမှ သင်တန်းသား/သူ(၂၂)ဦး တက်ရောက်ခဲ့ပြီး ကိုရီးယား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင် မြန်မာနိုင်ငံတို့မှ သင်တန်းဆရာ (၆)ဦးမှ ပို့ချသွားမည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၉-၈-၂၀၁၉)ရက်နေ့မှ (၂၅-၈-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၄၅.၁၀၈၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၆-၈-၂၀၁၉ ရက်နေ့၊ နံနက် ( ၀၉ : ၀၀ ) နာရီတွင် နေပြည်တော်၊ Grand Amara Hotel တွင် သစ်တောဦးစီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ( WWF-Myanmar) တို့ ပူးပေါင်း ကျင်းပသည့် “ တောရိုင်းတိရစ္ဆာန်များဖြတ်ကူးလမ်း/စင်္ကြံများ'' ( The Corridor Map-a-thon )ရေးဆွဲခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( စီမံခန့်ခွဲရေး ) ဦးဇော်မင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။ သင်တန်းသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး သစ်တောအရာရှိများ၊ WWF Myanmar Program၊ Smithsonian Institution-(SI)၊ WCS-Myanmar Program၊ FFI Myanmar Program၊ Friends of Wildlife (FoW) တို့မှ ကိုယ်စားလှယ်များ၊ သင်တန်းဆရာများ၊ သစ်တောဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ သင်တန်းအား၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ( ၂၆ - ၃၀ ) ရက်နေ့ထိ ( ၅ ) ရက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Pages