Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၂၆-၈-၂၀၁၉ ရက်နေ့၊ နံနက် ( ၀၉ : ၀၀ ) နာရီတွင် နေပြည်တော်၊ Grand Amara Hotel တွင် သစ်တောဦးစီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ( WWF-Myanmar) တို့ ပူးပေါင်း ကျင်းပသည့် “ တောရိုင်းတိရစ္ဆာန်များဖြတ်ကူးလမ်း/စင်္ကြံများ'' ( The Corridor Map-a-thon )ရေးဆွဲခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( စီမံခန့်ခွဲရေး ) ဦးဇော်မင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။ သင်တန်းသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး သစ်တောအရာရှိများ၊ WWF Myanmar Program၊ Smithsonian Institution-(SI)၊ WCS-Myanmar Program၊ FFI Myanmar Program၊ Friends of Wildlife (FoW) တို့မှ ကိုယ်စားလှယ်များ၊ သင်တန်းဆရာများ၊ သစ်တောဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ သင်တန်းအား၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ( ၂၆ - ၃၀ ) ရက်နေ့ထိ ( ၅ ) ရက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဆာဖာရီဥယျာဉ် (နေပြည်တော်) မြင်းကျားပြကွက်တွင် မြင်းကျား (အထီး) (၂) ကောင်၊ အမ (၅) ကောင် ရှိသည့် အနက် မြင်းကျား (အထီး) ကျော်ကြီး နှင့် မြင်းကျား (အမ) ရတီတို့မှ ၅-၇-၂၀၁၉ ရက်နေ့တွင် မြင်းကျား (အမ) (၁) ကောင်ပေါက်ဖွား ခဲ့ပါသည်။ မိခင် မြင်းကျားနှင့် ကလေးငယ်တို့မှာ ကျန်းမာလန်းဆန်းလျှက်ရှိပါသည်။မြင်းကျားကို အာဖရိကအရှေ့ပိုင်း ဆူဒန်မှ ဇင်ဘာဘွေနိုင်ငံ မြောက်ဖက်ပိုင်း မြက်ခင်း လွင်ပြင်ဒေသများတွင် တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အတိုင်းအတာမှာ ပခုံးအမြင့် (၃.၅-၅) ပေ ၊ အလျား (၆-၈.၅) ပေ ရှိပြီး ခန္ဓာကိုယ်အလးချိန် (၄၄၀-၉၀၀) ပေါင်ရှိပါသည်။ သွင်ပြင် လက္ခဏာ အနေဖြင့် ခန္ဓာကိုယ်ပေါ်ရှိ အဖြူအစင်းကြားများကို စုတ်တံပြားကြီးနှင့် ဆေးခြယ်ထားသကဲ့သို့ တွေ့ရသည်။ ထိုအစင်းကြောင်းများသည် လူလက်ဗွေကဲ့သို့ပင် တစ်ကောင်နှင့် တစ်ကောင်မတူ ညီပါ ၊ မြင်းကျားများတွင် အပေါ်သို့ ထောင်တက်နေသော ဇောင်းမွှေးများပါရှိပြီး ခန္ဓာကိုယ်ရှိ အမွှေးများသည် နူးညံ့ပွယောင်းသည်.။ မွေးကင်းစ အကောင်ငယ်များသည် အဖြူနှင့် အညိုရောင် အစင်းများရှိသည်။ နေထိုင်မှုသဘာဝမှာ အုပ်စုဖွဲ့နေသော သတ္တဝါများဖြစ်သည်။ မိသားစုလိုက် လည်း တွေ့ရပြီး အထီး (၁) ကောင်၊ အမ (၁ ကောင်မှ ၆) ကောင်နှင့် သားပေါက်များပါဝင်ပါ သည်။ မတ်တပ်ရပ်အိပ်သော သတ္တဝါဖြစ်သည်။ အရွယ်ရောက်မြင်းကျားများသည် တစ်နာရီလျှင် (၃၅) မိုင်နှုန်းပြေးနိုင်ပါသည်။ ရန်သူနှင့် ရင်ဆိုင်တွေ့သောအခါ မြွေလိမ်မြွေကောက်ပုံစံတူ ပြေးလွှားတတ်သောကြောင့် ဖမ်းဆီးရန်မလွယ်ကူချေ၊ အစားအစာမှာ အဓိကအားဖြင့် အသီးအရွက်များကို စားသုံးသည်။ တစ်နေ့လျှင် (၂) ကြိမ် (သို့) (၃) ကြိမ်စားသည်။အရွယ်ရောက်ချိန်မှာ အမ (၃) နှစ် ၊ အထီး (၅-၆) နှစ် ဖြစ် ပါသည်။ ကိုယ်ဝန်ဆောင်ကာလမှာ (၁၂-၁၃)လ ဖြစ်ပြီး မွေးဖွားချိန်မှာ တစ်ကြိမ်မွေးလျှင် တစ် ကောင်သာမွေးသည်။ သက်တမ်းမှာ (၂၁-၂၅) နှစ်ဖြစ်ပါသည်။ ထိန်းသိမ်းမှု အဆင့်မှတ်ချက်အနေဖြင့် မျိုးပြုန်းမှု အန္တရာယ်နည်းသေးသည့် သတ္တဝါဖြစ်သည်။ နေရင်းဒေသများဆုံးရှုံးလာခြင်း၊ သားရေနှင့် အသားအတွက် အမဲလိုက်ခံရခြင်းတို့ကြောင့် မြင်းကျား အကောင် အရေအတွက် လျော့နည်းလာသည်။
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကြယ်လိပ် ပြကွက်တွင်ပြသထားသော ကြယ်လိပ် (အထီး) (၁၁) ကောင်၊ အမ (၁၁) ကောင် တို့အနက် ကြယ်လိပ် (အထီး) ငခဲ နှင့် ကြယ်လိပ် (အမ) အငယ်မ တို့မှ ၂၂-၆-၂၀၁၉ ရက်နေ့တွင် ကြယ်လိပ် ပေါက်ငယ် (၁) ကောင် ပေါက်ဖွားခဲ့ပါ သည်။ ကြယ်လိပ် များသည် တွားသွားသတ္တဝါဖြစ်ပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသမျိုး ရင်းမျိုးစိတ်ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသမန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကတွေ့ရှိရပါသည်။ ကြယ်လိပ် များ၏ ထိန်းသိမ်းမှု အဆင့်သတ်မှတ်ချက်မှာ အပြည်ပြည်ဆိုင်ရာ သဘာဝနှင့် သဘာဝသယံဇာတများထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ပြီး၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) နောက်ဆက်တွဲစာရင်း(၂) အနေဖြင့် ထိန်းသိမ်းထားပါသည်။ ခန္ဓာကိုယ် အလေးချိန်နှင့် အရွယ်အစား မှာ အရွယ်ရောက်သောလိပ်၏ကျောခွံအလျားသည်(၂၆-၂၈)စင်တီမီတာရှိပါသည်။ပြင်ပလက္ခဏာများအနေဖြင့် ကျောခွံပေါ်တွင် ကြယ်ပုံသဏ္ဍာန် ဖြာထွက်နေသော အဝါရောင်အစင်းကြောင်း များရှိသည်။ အကြေးခွံ၏ အနားသတ်တစ်လျှောက်တွင် အဝါ ရောင် V ပုံသဏ္ဍာန် အစင်းများ ရှိပြီး ရင်ခွံသည် အဝါရောင်ရှိပြီး အနက်ကွက်များရှိသည်။ ခေါင်း ၊ ခြေထောက်နှင့် အမြီးပေါ်တွင် အဝါရောင်အကြေးခွံရှိသည်။ အမြီးဖျားသည် ကြေးခွံအရောင်ဖြစ် သည်။ ကြယ်လိပ်များသည် ခြောက်သွေ့ဒေသရှိ ရွက်ပြတ်တော၊ ဆူးခြုံတော၊ တောင်ကုန်းများ ၏ အခြေများ ၊ ရွက်ကြွေ တောများတွင် ရှင်သန်ပေါက်ဖွားကြသည်။ အသီးအရွက်စားလိပ်ဖြစ်ပါသည်။ မိတ်လိုက်ချိန်မှာ ဇွန်လ မှ သြဂုတ်လအထိဖြစ်ပြီး အောက်တိုဘာလတွင် ဉအု သည်။ ဉအုနှုန်းမှာ တစ်ကြိမ်လျှင် (၃-၈) လုံးအထိအုသည်။ ဉတွင်း သန္ဓေသားဖွံ့ဖြိုးမှုကာလမှာ (၆-၇) လ အထိ ဖြစ်သည်။
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မျောက်လွှဲကျော်ပြကွက်တွင် မျောက်လွှဲကျော် (မျက်ခုံး ဖြူ) (အထီး) (၂) ကောင်၊ အမ (၁) ကောင် မွေးမြူပြသထားရာ မျောက်လွှဲကျော် (အထီး) ပိစိ နှင့် (အမ) အိတုံ တို့မှ ၂၀-၆-၂၀၁၉ ရက်နေ့တွင် မျောက်လွှဲကျော် ကလေး ငယ် (၁) ကောင်ကို ပေါက်ဖွားခဲ့ပါသည်။ ကလေးငယ်အား အထီး ၊ အမ ခွဲခြား၍ မရသေးပါ ကြောင်းနှင့် မိခင်ရော ကလေးပါ ကျန်းမာလန်းဆန်းလျှက်ရှိပါသည်။ မျောက်လွှဲကျော်များသည် နို့တိုက်သတ္တဝါဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း အမြဲစိမ်းသစ် တောများ၊ ရခိုင်ရိုးမ သစ်တောများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသစ်တောများတွင် တွေ့ရှိရပါ သည်။ မျောက်လွှဲကျော်များထိန်းသိမ်းမှု အဆင့်သတ်မှတ်ချက်မှာ အပြည်ပြည်ဆိုင်ရာ သဘာဝနှင့် သဘာဝသယံဇာတများထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ပြီး၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) နောက်ဆက်တွဲစာရင်း(၁) အနေဖြင့် ထိန်းသိမ်းထားပါသည်။ ခန္ဓာကိုယ်အလေးချိန်နှင့် အရွယ်အစားမှာ ဉီးခေါင်း မှ ခန္ဓာကိုယ်သည် (၂၃-၂၅) လက်မရှည်ပြီး အမြီးမရှိပေ၊ (၉-၁၆) ပေါင်ရှိပါသည်။ ပြင်ပ လက္ခဏာများအနေဖြင့် အထီးများသည် အနက်ရောင်ရှိပြီး၊ အမများသည် မီးခိုးရောင်ဖျော့ဖျော့ရှိကြသည်။ ၄င်းတို့၏ မျက်ခုံးသည် အဖြူရောင်ရှိသည်။ မျောက်လွှဲကျော်များ၏ သက်တမ်းမှာ (၃၁) နှစ်ဖြစ်ပါသည်။ အလေ့အထနှင့် နေထိုင်ကျက်စား ပုံမှာ မျောက်လွှဲကျော်များသည် နေ့ဘက်ထွက်သတ္တဝါများဖြစ်ပြီး မိသားစုအုပ်စု ဖြင့် သွားလာကျက်စားကြသည်။ အပင်ပေါ်တွင် နေထိုင်ပြီး တစ်ပင်နှင့် တစ်ပင် လွှဲ၍ သွားလာကြသည်။ အုပ်စုလိုက် နယ်မြေပိုင်ဆိုင်မှုကို အော်သံဖြင့် အခြားအုပ်စုများကိုအသိပေးလေ့ရှိသည်။မျောက်လွှဲကျော်
များသည် ရွက်အုပ်ကောင်းပြီး အမြင့်ပေ (၃၀-၁၀၀) အထိ မြင့်သည့် သစ်ပင်ကြီးများတွင် နေထိုင်ပြီး၊ မြေပြင်ပေါ်သို့ ဆင်းသက်မှုနည်းသည်။ သစ်သီးမှည့်များကို နှစ်သက် စွာ စားသုံးသည့် အပြင် ရွက်နု၊ အညွှန့်၊ အပွင့်နှင့် အင်းဆက်များကိုလည်းစားသုံးကြသည်။ အရွယ်ရောက်ချိန်မှာ (၄-၆) နှစ်ဖြစ်ပါသည်။ မွေးဖွားနှုန်းမှာ တစ်ကြိမ်သားပေါက်လျှင် (၁)ကောင် သာမွေးသည်။ မွေးပြီး နို့မခွဲမှီ (၂) နှစ်ခန့်ထိ မိခင်၏ ဝမ်းဗိုက်ကို တွဲခို၍ လိုက်လေ့ရှိသည်။
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ရေမြင်း ပြကွက်တွင် ရေမြင်း (အထီး) (၂) ကောင်၊ အမ (၃) ကောင် ၊ စုစုပေါင်း (၅) ကောင်ရှိသည့် အနက် ရေမြင်း (အထီး) ရဲလေးနှင့် ရေမြင်း (အမ) ပေါက်ကျော်မ တို့မှ ၁၅-၆-၂၀၁၉ ရက်နေ့တွင် ရေမြင်း ကလေးငယ် (၁) ကောင်ပေါက်ဖွားခဲ့ပါသည်။ ရေမြင်း ကလေးငယ်အား အထီး ၊ အမ ခွဲခြား၍ မရသေးပါ ကြောင်းနှင့် မိခင်ရော ကလေးပါ ကျန်းမာလန်းဆန်းလျှက်ရှိပါသည်။ ရေမြင်းများသည် နို့တိုက်သတ္တဝါဖြစ်ပါသည်။ ၄င်းတို့အား အာဖရိကတိုက်ရှိ ယူဂန္ဒာနိုင်ငံ၊ အီသီယိုးပီးယား၊ ဆူမွန်၊ ဆိုမာလီ၊ ကင်ညာ၊ တန်ဇန်နီးယား၊ ဇင်ဘာဘွေနိုင်ငံများရှိ မြစ်များ ၊ ရေ အိုင်များတွင် တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အလေးချိန်နှင့် အရွယ်အစားမှာ အထီးသည် (၁၁၇၉-၂၀၆၅) ကီလိုဂရမ်အလေးချိန်ရှိပြီး၊ အမသည် ( ၁၁၈၅- ၁၇၁၆) ကီလိုဂရမ်လေးပါသည်။ ပြင်ပ လက္ခဏာများအနေဖြင့် ကုန်းနေ နို့တိုက်သတ္တဝါများတွင် တတိယ အကြီးဆုံးဖြစ်သည်။ ခန္ဓာကိုယ်မှာ တုတ်ခိုင်ကြီးမားပြီး ခြေထောက်များမှာတုတ်တိုသည်။ ရေမြင်းများ၏ သက်တမ်းမှာ (၄၀-၄၅) နှစ်ဖြစ်ပါသည်။ အလေ့အထနှင့်နေထိုင်ကျက်စားပုံမှာ နေ့အခါ ရေထဲတွင်နေ၍ မှောင်စပျိုးအချိန်မှစပြီး ကုန်းပေါ်တက်ပြီး မြက်များစားသောက်သည်။ ၄င်းနားနေသောနေရာမှ ကီလိုမီတာများစွာသွား၍ အစာရှာဖွေစားသောက်ကြသည်။ ရေထဲတွင် (၁၀-၁၇) ကောင် အုပ်စု ဖွဲ့၍ နေပြီး ကုန်းပေါ်တက် အစာရှာဖေွစားသောက်ရာတွင် တစ်ကောင်တည်းသွားတတ်သည်။ အရွယ်ရောက်ချိန်မှာ (၃ ၁/၂) နှစ်ဖြစ်ပါသည်။ မိတ်လိုက်ချိန်မှာ တစ်နှစ်ပတ်လုံးမိတ်လိုက်သည်။ ရေထဲတွင်သာ မိတ်လိုက်သည်။ ကိုယ်ဝန်ဆောင်ကာလမှာ (၂၄၀) ရက်ဖြစ်ပြီး မွေးဖွားနှုန်းမှာ တစ်ကြိမ်တွင် လျှင် (၁)ကောင် သာမွေးသည်။ ရေထဲ၌သာ မွေးဖွားသည်။
၂၁-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ဂွေးတောက်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ခေါတောကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ ကောလင်း-ဥက္ကံသွားလမ်းဘေးတွင် သရီးကဒေါင်း (၆)ဘီးယာဉ် အစိမ်းရောင် (ယာဉ်အမှတ်မပါ) ယာဉ်(၁)စီး ပေါ်မှ တရားမဝင် တမလန်းခွဲသား (၂၂)ချောင်း (၅.၁၂၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပုလဲမြို့နယ်၊ ပိတောက်ကုန်းကျေးရွာလမ်းခွဲအနီးတွင် မော်တော်ယာဉ် (အမှတ်မပါ) အဖြူရောင်(၆)ဘီး A-6 အမျိုးအစား ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး/သစ်ယာခွဲသား (၂၇)ချောင်း (၄.၁၂၁၂)တန်အား ပိုင်ရှင်မတွေ့ရှိရဘဲ ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။
၂၀-၈-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၃၀)နှင့် ကျောက်ဖူးကြိုးဝိုင်း အကွက်အမှတ်(၈၁)တို့အတွင်းမှ တရားမဝင် ပျဉ်းကတိုး/ဂွေး/မျောက်ငို/ ဇင်ပြွန်း/ထောက်ကြန့်/ဘင်္ဂခွဲသား (၆၆)ချောင်း (၇.၂၈၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။









