Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးပွဲအား ၉-၈-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့် အမှာစကား ပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် - “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ” ရဲ့လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားသည့် “လုပ်ငန်းကော်မတီရဲ့ ပဉ္စမအကြိမ်အစည်းအဝေး” ဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်း၏ သယံဇာတများရေရှည် တည်တံ့စေရန်နှင့် ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်ပေါ်နေသည့် မြေထု/ ရေထုညစ်ညမ်းမှုများ၊ အငြင်းပွားမှုပြဿနာများ၊ အစိုးရ၊ ဌာနဆိုင်ရာ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံလူထုတို့ အကြားပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အဆင့်/ ဗဟိုအဆင့်မှ တိုင်းဒေသကြီး နှင့်ပြည်နယ်၊ ခရိုင်အဆင့်အထိ ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများကို အဆင့်အဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအချိန်အထိ ဗဟိုကော်မတီ အစည်းအဝေးကို (၆)ကြိမ်ကျင်းပခဲ့ပြီး ပထမအကြိမ်မှ ဆဌမအကြိမ်အစည်း အဝေးထိ ဆုံးဖြတ်ချက်ပေါင်း (၄၇)ချက်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ကမ်းရိုးတန်း သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အတွက် ၎င်းသယံဇာတများအပေါ်မှာ မှီတင်းနေထိုင် ကျက်စားနေကြသည့် ဇီဝမျိုးစုံမျိုးကွဲများလည်း ပေါများပါကြောင်း၊ ကမ်းရိုးတန်းဒေသများမှာ ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်း၊ ရွှံ့နွံ့လတာပြင်၊မြစ်ဝ နှင့် သဲသောင်ကမ်းခြေဂေဟစနစ်စသည့် ထူးခြားသည့်ဂေဟစနစ်များ ပိုင်ဆိုင်ထားပြီး၊ တန်ဖိုး မဖြတ်နိုင်သည့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်ကြီးသည် လူဦးရေတိုးပွားများပြားလာခြင်းနဲ့အတူ ရေတိုအကျိုးစီးပွားရှေ့ရှုပြီး သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ရေရှည်တည်တံ့ ခြင်းမရှိသော အခြားမြေအသုံးချမှုပုံစံသို့ ပြောင်းလဲခြင်း၊ ကမ်းရိုးတန်းဂေဟစနစ်များမှ ရရှိသည့် လူမှုစီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများကို သိရှိနားလည်မှု အားနည်းခြင်း၊ပြဌာန်း ထားသော ဥပဒေလုပ်ထုံးလုပ်နည်းများ၏ အကျိုးသက်ရောက်မှု အားနည်းခြင်း၊ အစိုးရဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းစတဲ့ အခက်အခဲအတားအဆီးများ ရင်ဆိုင်နေရပြီး ကမ်းရိုးတန်းသယံဇာတများ နှစ်စဉ် ဆုံးရှုံးနေကြရပါကြောင်း၊

၆-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ ရာအိမ်မှူး ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်းတွင် မော်တော်ယာဉ် အမှတ် (MDY 3B/5659) (Nissan Diesel) (၁၂)ဘီး (အဖြူ/ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် လက်ပံခွဲသား (၄၄)ချောင်း (၄.၄၆၃၂)တန်အား တရားခံ(၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၈-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရောင်ကြီးရွာသွားလမ်း၊ ဆက်သွယ်ရေးတာဝါတိုင်၏ မျက်စောင်းထိုးလမ်းပေါက်နေရာတွင် တရားမဝင် ကျွန်းခွဲသား(၆၇)ချောင်း (၇.၄၀၆၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၈-၂၀၁၉ ရက်နေ့ (၀၉:၀၀)နာရီအချိန် မြန်မာနိုင်ငံသစ်တောကျောင်းပြင်ဦးလွင် အမှတ်စဉ်(၁၁၄)သင်တန်းသား (၅၆)ဦးတို့သည် ညွှန်ကြားရေးမှူးချုပ်ရုံး RS/GIS ရုံးခန်း၌ မြေပုံရေးဆွဲခြင်းဆိုင်ရာ အချက်အလက်များကို ဒေါ်သန့်ဇင်မော်(ဦးစီးအရာရှိ)မှ လည်းကောင်း၊ အင်ကြင်းခန်းမ၌ CF ဆိုင်ရာလုပ်ငန်းများကို တိုးချဲ့ပညာပေး ရေးဌာနမှ ဦးစိန်မိုး(လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း)၊ MRRP လုပ်ငန်းများဆိုင်ရာ အကြောင်းကို သဘာဝတောနှင့်စိုက်ခင်းဌာနမှ ဦးသောင်းဦး(လက်ထောက်ညွှန်ကြား ရေးမှူးမှလည်းကောင်း၊ ဒီရေတောအကြောင်း သိကောင်းစရာများကို ဒေါက်တာ သင်းသင်း(ဦးစီးအရာရှိ)ရေဝေရေလဲဌာနမှလည်းကောင်း၊ ရေဝေရေလဲနှင့် သယံဇာတ အုပ်ချုပ်မှုအကြောင်းအရာများကို ဦးစည်သူအောင်(ဦးစီးအရာရှိ)ရေဝေရေလဲဌာန မှလည်းကောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများအကြောင်းကို ဒေါက်တာ တင်ဇာကြွယ်(လက်ထောက်ညွှန်ကြားရေးမှူး) ဝန်းကျင်သားငှက်ဌာနမှလည်းကောင်း ရှင်း လင်းသင်ကြားပို့ချမှုပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်မှ နိဂုံးချုပ်အမှာစကားပြောကြားပါသည်။

မဲခေါင်ဒေသ မြန်မာနိုင်ငံတွင် သစ်တောဂေဟစနစ်များအာ ဘက်စုံစီမံ အုပ်ချုပ်ခြင်းနှင့် သရုပ်ပြ စီမံကိန်း ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၇-၈-၂၀၁၉ ရက်နေ့၌ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမတွင်ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦစီးဌာန အရာရှိကြီးများ၊ သုတေသီများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြပါသည်။

၃-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ကျောက်ဖျာကြိုးဝိုင်းအကွက် အမှတ် (၁၉)အတွင်း ယာဉ်အမှတ်၊ 9I-6929 (PRADO အဖြူရောင်)ပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၁၇)တုံး (၀.၉၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဝင်္ဂရကျေးရွာအရှေ့ဘက်ကျွန်း၊ ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား(၇၇)လုံး/ချောင်း (၉.၄၈၇၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၈-၂၀၁၉ ရက်နေ့တွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရေပျံလေးရပ်ကွက်အတွင်း တရားမဝင် ကျွန်း/အင်ခွဲသား(၅၃၃)ချောင်း (၉.၁၀၆၆)တန်နှင့် သုံးဘီးဆိုင်ကယ်(၁)စီးတို့အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages