Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့၏အစီအစဉ်ဖြင့် (၁၇.၉.၂၀၂၄) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ် ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁)ဧရိယာ (၃၃၀) ဧက နှင့် ဝမ်းတွင်းမြို့နယ် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောဧရိယာ (၄၁၀) ဧက အတွင်း သစ်စေ့မြေလုံး-Seed Balls (၂၀၀၀၀၀) ကို ရဟတ်ယာဉ်ဖြင့်ကြဲ၍ စိုက်ပျိုးခြင်း ဆောင်ရွက်ကြောင်း သိရသည်။အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီး ဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်း များတက်ရောက်ကြသည်။ သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင် ပေါက်ရောက်မှု ရာခိုင်နှုန်းကောင်းမွန်သည့် မန်ကျည်း၊ စစ်၊ မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊ မဲဇလီ၊ ဘောစကိုင်းသစ်မျိုး သစ်စေ့ မြေလုံး ၁၀၀၀၀၀ ကို သာစည်မြို့နယ် ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁) အတွင်း၌လည်းကောင်း၊ မန်ကျည်း၊ ရှား၊ မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊ မဲဇလီ၊ဘောစကိုင်း သစ်မျိုး သစ်စေ့မြေလုံး ၁၀၀၀၀၀ လုံးကို ဝမ်းတွင်းမြို့နယ် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောအတွင်းကြဲ၍ စိုက်ပျိုးခဲ့ သည်။ မိုးရွာသွန်းမှုနည်းပါးသည့် အပူပိုင်းဒေသရှိ သစ်တောသစ်ပင်ကျဲပါးသည့် တောင်တန်း၊ တောင်ကုန်းများ၌ မိုးရွာသွန်းပြီးစ မြေအစိုဓာတ်ရရှိသည့်အချိန်တွင် သစ်စေ့မြေလုံးများကြဲ၍ စိုက်ပျိုးခြင်းဖြင့် ရေ၊ မြေထိန်းသိမ်းနိုင်ပြီး မြေဆီလွှာတိုးတက် ကောင်းမွန်စေသည့် ဒေသမျိုးရင်းသစ်မျိုးနှင့် အကြီးမြန် သစ်မျိုးများကို အပူပိုင်းဒေသ၏ သစ်တောဖုံးလွှမ်းမှုနှင့် ဂေဟစနစ်တိုးတက်လာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ သစ်စေ့မြေလုံး ကြချစိုက်ပျိုးခြင်းသည် သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ဆောင်ရွက်နိုင်ခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် သစ်စေ့မြေလုံးကြဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် မိုးရာသီ၌ ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တောနှင့် ရွှေဆံတော် ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်းအောင်မြင်မှု အခြေအနေ များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့ မျိုးအလိုက်ပေါက်ရောက် ရှင်သန်နိုင်မှု အခြေအနေစာရင်းကောက်ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(၅-၈-၂၀၂၄)ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ အာဆီယံအမွေအနှစ်ဥယျာဉ်များအကြောင်း သိကောင်းစရာနှင့် အာဆီယံအမွေအနှစ်ဥယျာဉ်အသစ်များ အဆိုပြုတင်သွင်းခြင်းဆိုင်ရာ အချက်အလက်များ မျှဝေဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမွေအနှစ်ဥယျာဉ်များ ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စိန်ဝင်းထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ အာဆီယံအမွေအနှစ်ဥယျာဉ်များအကြောင်း ရှင်းလင်းတင်ပြခြင်း ၊ အာဆီယံဒေသအတွင်းရှိ အာဆီယံအမွေအနှစ်ဥယျာဉ် (၅၇) ခုအနက်မှ မြန်မာနိုင်ငံရှိ တည်ထောင်ပြီး အာဆီယံအမွေအနှစ်ဥယျာဉ်(၈)ခုအကြောင်း ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမှ အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် ထပ်မံအဆိုပြုတင်သွင်းသွားမည့် တနင်္သာရီသဘာဝကြိုးဝိုင်း၊ ရွှေစက်တော်ဘေးမဲ့တော၊ ပုပ္ပါးတောင်အမျိုးသားဘူမိ ဥယျာဉ်၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ၏ အချက်အလက်များ ချပြဆွေးနွေး ခဲ့မှုအပေါ် တက်ရောက်လာသူများ၏ အကြံပြုချက်များနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုများ အပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးရုံးချုပ်မှ တောအုပ်ကြီးအဆင့်နှင့်အထက် အရာထမ်း/အမှုထမ်းများ စုစုပေါင်း(၉၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
(၄-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသန၊ ရေဆင်းရှိ စုဝေးခန်းမ၌ သစ်တောဦးစီးဌာနနှင့် Asia- Pacific Network for Sustainable Forest Managemant (APFNet)တို့ ပူးပေါင်းဆောင်ရွက်သည့် FD-APFNet (IFEM)စီမံကိန်း၏ "သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း သရုပ်ပြကွက်များ ရေရှည်တည်တံ့စေရန် ပြုစုထိန်းသိမ်းခြင်း နည်းပညာသင်တန်း" ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းကို ရေဝေရေလဲဒေသများထိန်းသိမ်းရန်၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများ စဥ်ဆက်မပြတ် ထုတ်လုပ်ရန်၊ ရာသီဥတုပြောင်းလဲမှုလျောချရန်၊ စားရေရိက္ခာဖူလုံစေရန်၊ ဒေသခံပြည်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများပူးပေါင်းပါဝင်သော သီးနှံသစ်တောရောနှောစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့်တည်ထောင်ရန် ရည်ရွယ်၍ (၄-၉-၂၀၂၄)ရက်မှ (၇-၉-၂၀၂၄)ရက်အထိ သစ်တောသုတေသနဌာန၊ ရေဆင်းတွင် သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း သိရှိ ရသည်။ သင်တန်းဖွင့်ပွဲသို့ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုးရေးသုတေသနဌာနနှင့်သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းဆရာများနှင့်ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာမှ ဒေသခံသင်တန်းသား စုစုပေါင်း(၁၇)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
ကိုရီးယားသစ်တောဌာနနှင့်မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် FD-KFS REDD+ စီမံကိန်းနှင့် မင်းလှမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ဇွန်လ(၃၀)ရက် နံနက်(၉)နာရီအချိန်က မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ပျိုး ဉယျာဉ်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ စီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး၊ သာယာဝတီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများနှင့် သစ်တောဝန်ထမ်း(၂၂)ဦး၊ကျေးရွာများမှ ဒေသခံပြည်သူ(၇၅)ဦး စုစုပေါင်း(၉၇)ဦးတို့ဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ ယမနေ၊ သရက်၊ ပိန္နဲ၊ မာလကာ စုစုပေါင်း(၁၇၉၃)ပင်တို့အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ပြီး၊ တက်ရောက်လာသော ဒေသခံပြည်သူများကို သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။
(၂၉.၆.၂၀၂၄)ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်၍၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ နယ်မြေခံ သစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ပါဝင်သည့် အင်အား(၁၅၀)ဦးဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ် (၁)၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉/၁ နှင့် ၆၉/၂ ကြားတွင် သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အာရှဒေသသစ်တော ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Operation-AFoCO)တို့ ပူးပေါင်းဆောင်ရွက်သည့် “စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် တည်ထောင်သည့် သစ်မျိုးစုံစိုက်ခင်း (၈)ဧကတွင် ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ပျဉ်းကတိုး (၈၀၀)ပင်၊ ပိတောက် (၄၀၀)ပင်၊ သင်္ကန်း (၂၀၀)ပင်၊ တမလန်း (၁၅၀)ပင်၊ ယမနေ (၄၀၀)ပင်၊ ကညင်နီ (၂၀၀)ပင်၊ မဟော်ဂနီ (၈၀၀)ပင်၊ သပြေကြီး (၂၅၀)ပင်၊ မန်ဂျန်ရှား (၈၂၃)ပင်၊ စုစုပေါင်း (၄,၀၂၃)ပင်အား စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။
(၂၉.၆.၂၀၂၄)ရက်နေ့ နံနက်(၀၇:၃၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီး ရပ်ကွက် ၊ လီဆူယဉ်ကျေးမှုကွင်း၌ စတုတ္ထအကြိမ်ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပြီး အမြင့်(၂)ပေနှင့် အထက် (၂) နှစ်သားအရွယ် ကျွန်း(၁၄၀)ပင်၊ ပျဉ်းကတိုး (၄၀)ပင်၊ တမလန်း (၇၀)ပင်၊ ပိတောက်(၃၅)ပင်၊ဆူးထင်ရူး(၄၀)ပင် ၊ စကားဝါ (၇၅)ပင်၊ သပြေ(၆၀)ပင် ၊ မန်ဂျန်ရှား(၆၅)ပင်၊ ခရေ(၁၃၀)ပင်၊ ငါးပေါက်(၃၅)ပင်၊ အမြှောက်ဆံ(၃၈)ပင် ၊ ရေတမာ(၄၀)ပင်၊ ယင်းမာ(၄၀)ပင်၊ စုစုပေါင်း ပျိုးပင်(၈၀၈)ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ နှင့်ဝန်ထမ်းများ၊ လီဆူယဉ်ကျေးမှုအဖွဲ့များ ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ နှင့် လူမှုရေးအသင်း အဖွဲ့ ဝင်များဖြင့်အင်အား (၂၅၀)ဦးခန့် တက်ရောက်၍ ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သတ်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သိရှိရပါသည်။
ပြင်ဦးလွင်မြို့နယ်တွင်(၂၈-၆-၂၀၂၄) ရက်နေ့၌ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၄ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ပြီး ယင်းမာ(၃၀၀)ပင်၊ ကျွန်း(၃၀၀)ပင် စုစုပေါင်း (၆၀၀)ပင် စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။
သစ်တောဦးစီးဌာန၊ မူဆယ်ခရိုင်၊ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား (၂၉.၆.၂၀၂၄) ရက်နေ့၊ (၀၉:၀၀)နာရီတွင် လွယ်တိန်ခမ်းတောင်၊ မူဆယ်မြို့တွင်ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်အဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများစုစုပေါင်း (၃၅၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တပြေဘူတ၊ တပေါင်းပန်း၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ခါတော်မှီ၊ မန်ဂျန်ရှား စုစုပေါင်း (၅၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။