၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။ ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မုန်ချောင်းပေါက်ကျေးရွာအနီးရှိ ၂၀၂၅ မိုးရာသီ တွင် စိုက်ပျိုးထားသည့် ၁/၂၀၂၅ ကျေးရွာသုံးထင်းစိုက်ခင်း (၁၀) ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ‌အပူပိုင်းဒေသရာသီဥတု၊ မြေအမျိုးအစားနှင့်ကိုက်ညီသော ဒေသမျိုးရင်းသစ်မျိုးများအား ရွေးချယ်စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးထားသော အပင်များ ရှင်သန် ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ၁/၂၀၂၄ ကျေးရွာထင်းစိုက်ခင်း (၂၀) ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေး-ကံပြား-နတ်မောက်ကားလမ်း လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ တမာစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၁၆-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊၊ Naypyitaw State Polytechnic University၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အရောင်အသွေးစုံလင်ပြီး ရနံ့မွှေးပျံ့သော ပန်းများပွင့်သည့် အရိပ်ရသစ်မျိုးများဖြစ်သော ပိတောက်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ တမာ၊ စကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ကျပ် ၂၁၆ဝဝဝ-၂၀၀၀-၂၂၆ဝဝဝ) တောအုပ်ကြီးရာထူး (၄၆)နေရာ နှင့် သုတေသနလက်ထောက်-၂ ရာထူး (၂)နေရာတို့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် လိုပါက ပူးတွဲပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ ၁၅-၁ဝ-၂ဝ၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

(၁၅-၉-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေး ပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၉)ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာ ဝင်းမောင်အေး(ဒုတိယညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုနိုင် မှ ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် သဘာဝသယံဇာတများ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှု အားလည်းကောင်း၊ တောအုပ်ကြီး ဦးဇွဲညီညီအောင်မှ ဖင်လန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ ဩစတြီးယား၊ ရိုမေးနီးယားနိုင်ငံများတွင် တက်ရောက်ခဲ့သည့် သစ်တောပညာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (1-9-၂၀၂၅)ရက်နေ့မှ (7-9-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၄.၇၄၈၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၁.၄၈၀၂)တန်၊ သစ်မာ (၁၃.၃၀၂၂)တန်၊ အခြား (၂၉.၁၆၅၀)တန်၊ စုစုပေါင်း (၆၃.၉၄၇၄)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်..ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၉-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြို့မ (၂)ဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၃၇/၁)မိုင်၊ အနောက်ဘက် (၃)ဖာလုံခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား (၁၄၉)ချောင်း (၁၀.၄၁၅၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် (၆-၉-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်-မန္တလေး အမြန်လမ်း ဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင် ဆောင်ရွက်ထားမှု အခြေ အနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၅၁ ရှိ ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထား သည့် တစ်အုပ်တစ်မစိုက်ခင်း ၅ ဧက၏ ရှင်သန်အောင်မြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စလူကြိုးဝိုင်းအတွင်း မိုင်တိုင် ၅၃ ရှိ ဝါး၊ ကြိမ်နှင့်သစ်မျိုးစုံရောနှောစိုက်ခင်း ၂၀ ဧက သို့သွားရောက်၍ အကွက်အလိုက် သစ်၊ ဝါး၊ ကြိမ် မျိုးစိတ်အလိုက် ရောနှောစိုက်ပျိုးထားမှုနှင့် ရှင်သန်မှုအခြေအနေအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒိုက်ဦးမြို့နယ်၊ ဘိုင်းဒါးကြိုးဝိုင်းအတွင်း မိုင်တိုင် ၇၂ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၇ ဧကအား လည်းကောင်း၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်း အတွင်း မိုင်တိုင် ၈၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၇ ဧကအား လည်းကောင်း၊ ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအတွင်း မိုင်တိုင် ၁၇၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၃ ဧကအား လည်းကောင်း၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရေနီကြိုးဝိုင်းအတွင်း မိုင်တိုင် ၁၈၇ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ၅ ဧကအား လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင်စိုက်ပျိုးခဲ့သော အပင်များဆက်လက်ရှင်သန်အောင် ဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် နောက်နှစ်မိုးရာသီတွင် ဆက်လက်တိုးချဲ့စိုက်ပျိုးသွားရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာအပါအဝင် အာဆီယံကားလမ်းဘေးဝဲယာနှင့် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်းရှိ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ကားလမ်းဘေးဝဲယာ တောအုပ်ငယ်အသွင် ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကို နှစ်စဉ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် (၅-၉-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး အချောထည်လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ အလားတူ ဝါးနှင့် ကြိမ်လုပ်ငန်းများအတွက် သဘာဝတောများမှ နှစ်စဉ် ထုတ်လုပ်နိုင်သော ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်း ရှိပြီး ပုဂ္ဂလိက ဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ သစ်အခြေခံနှင့် ကြိမ်၊ ဝါး အချောထည် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ပုဂ္ဂလိကအခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ ကုန်ကြမ်းရရှိရေး၊ ထုတ်လုပ်သည့် အချောထည်များ ပြည်တွင်း၊ ပြည်ပ စျေးကွက်ရရှိရေး၊ ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေ ချောမွေ့မှု ရှိစေရေးအတွက် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း မှာကြားသည်။ ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တာဝန်ရှိသူများ၏ ဖြည့်စွက် တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

Pages