Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၁၉-၁၁-၂၀၂၄ ရက်၊ (၀၉း၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ စုဝေးခန်းမ၌ မြို့နယ်အဆင့် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများ အင်အားစုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ပါသည်။အစီအစဥ်အရ သစ်တောဦးစီးဌာန၊ ရွှေဘိုမြို့နယ်မှ ဦးစီးအရာရှိ ဦးမင်းမောင်မောင်က မီးခိုးမြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်နှင့် လျှော့ချသုံးစွဲနိုင်မည့်နည်းလမ်းများ ခေါင်းစဉ်များဖြင့် ဟောပြောပြီး တက်ရောက်လာသူများ၏ သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။အခမ်းအနားအပြီး လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့ ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ၂၅၀ စောင်ဖြန့်ဝေပေးခြင်း၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ စာကြည့်တိုက်အတွက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ လစဉ်ထုတ်ဝေလျက်ရှိသည့် သစ်တောကြေးမုံ ၁၂ အုပ်အား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
(၁၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဇီးကုန်းမြို့၊အ.ထ.က ကျောင်းတွင် မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အားကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ Grade.10 ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့်၀န်ထမ်းများ၊ ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား(၁၅၉)ဦး တက်ရောက်ခဲ့ပြီး ဇီးကုန်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်မိုးမှ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး နှင့် သဘာဝဘေး အန္တရာယ်များ၊ တောအုပ်ကြီး ဦးသန်းထွဋ်မှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု အကြောင်းအရာများအား ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
(၂၁-၁၀-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာဝင်းမောင်အေး (ဒုတိယညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားအစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ဇော်ဝင်းမှ အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် ဒီရေတောဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှု၊ ဦးစီးအရာရှိ ဒေါ်ဆုရည်နှင်းမှ စင်္ကာပူနိုင်ငံတွင်ပြုလုပ်သည့် အာစီယံငှက်ပျံသန်းရာလမ်းကြောင်းကွန်ယက်နယ်မြေအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုနှင့် ဦးစီးအရာရှိ ဒေါက်တာအေးချမ်းကိုကိုမှ ရန်ကုန်မြို့Park Royal Hotelတွင်ပြုလုပ်သည့် Project Planning & Management သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၂.၇၇၄၀)တန်၊ သစ်မာ (၂၀.၂၇၆၆)တန်၊ အခြား (၇.၅၉၃၀)တန်၊ စုစုပေါင်း (၅၀.၆၄၃၆)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၁၀-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျောက်မဆင် (၁)ဘိနယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း၊ ကိုးပင်-သာဂရ ကားလမ်း၊ မိုင်တိုင်အမှတ် (၃၃) အနီးမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၄၁)ချောင်း(၁၁.၃၀၅၀)တန်၊ ယာဉ်(၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၈-၁၁-၂၀၂၄)ရက်နေ့၊ (၁၀း၀၀) နာရီတွင်ပြည်မြို့နယ်၊ ပေါင်းတလည်အခြေခံပညာ အထက်တန်း ကျောင်း၌မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)အား ပြုလုပ်ခဲ့ရာ ပြည်မြို့နယ် သစ်တောဝန်ထမ်း ၄ ဉီး၊ဆရာ/ဆရာမ(၆)ဦး၊အထက်တန်း (G-11/G-12)ကျောင်းသူ/သား (၁၀၀)ဦး၊ စုစုပေါင်း(၁၁ဝ)ဦး တက်ရောက်ခဲ့ကြပါသည်။ အစီအစဥ်အရ ပေါင်းတလည် အ.ထ.က ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ပြည်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးယဉ်ဝင်းမှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏သိရှိလိုသည့် မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် ကျောင်းသူ/ ကျောင်းသားများအား ကျောင်းသုံးဗလာစာအုပ်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊သစ်တောဦးစီးဌာနမှ (၁၈-၁၁-၂၀၂၄)ရက်နေ့၊ (၀၉:၀၀) နာရီတွင် ညောင်လေးပင် မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)အား ပြုလုပ်ခဲ့ရာ ညောင်လေးပင်ခရိုင်လက်ထောက်ပညာရေးမှူးနှင့်တကွဆရာမ(၈)ဦး၊ ကျောင်းသူ/သား (၉၅)ဦး၊ သစ်တောဦးစီးဌာန ဝန်ထမ်း(၇)ဦး ၊ မြို့မိမြို့ဖ(၅)ဦး စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အစီအစဥ်အရ ညောင်လေးပင်ခရိုင် လက်ထောက်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးပြည့်ခန့် မှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး ၊ မြို့မိမြို့ဖဦးသိန်းနိုင်မှ သဘာဝဘေးအန္တရာယ်များအကြောင်း ပါဝင်ဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများ၏သိရှိလိုသည့် မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ (၁/ ၂၀၂၄) အစည်းအဝေးကို ၁၀-၉-၂၀၂၄ ရက်၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြု လုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ အဖွင့်အမှာစကားပြောကြားပါသည်။ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ပြီးဖြစ်သည့် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို ကမ္ဘာ့ ဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းအစီအစဉ်များ ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်း တင်ပြဆွေးနွေးဆုံးဖြတ်နိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး အလားအလာကောင်းများ အများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် အလားအလာအကောင်းဆုံးဖြစ်သည့် အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိ ဥယျာဉ်အဖြစ် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို သတ်မှတ်ကြေညာပြီး ဖြစ်ပါကြောင်း ၊ ၎င်းအား နိုင်ငံတကာ အသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်အဖြစ် အသိအမှတ်ပြုခံ ရရေးအတွက် ယူနက်စကိုသို့ စာရင်းတင်သွင်းရာတွင် သဘောသဘာဝမတူညီသော ဘူမိနယ်မြေ များလေပိုကောင်းလေဖြစ်သောကြောင့် တိကျသော နယ်နိမိတ်အဝန်းအတွင်း နောက်ထပ် ဘူမိနယ်မြေအသစ်များကို ဆက်လက်ဖော်ထုတ်ရာ ကနဦးဘူမိနယ်မြေ (၁၅) ခုနှင့် ဖွဲ့ စည်းပြီး ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို အဆိုပြုနယ်မြေ (၁၅)ခုဖြင့် ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းနိုင် ရေး အကောင်အထည်ဖော်ရာတွင် ကော်မတီဝင်များက ကဏ္ဍအလိုက် အသီးသီးတာဝန်ခွဲဝေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၊ ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်နယ်နိမိတ် သတ်မှတ်ရာတွင် ဘူမိဥယျာဉ် သဘောသဘာဝအရ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဓလေ့နှင့် ထိန်းသိမ်းရေး ၊ Geotourism လုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသောကြောင့် ဒေသခံများ၏မြေယာများ ဖယ်ရှားခြင်းနှင့် သွားလာမှုများ ပိတ်ပင်တားမြစ်ခြင်းမပြုဘဲ နယ်နိမိတ်အဖြစ်သာ သတ်မှတ်သည် ကို ဆက်စပ်ဌာနအဖွဲ့အစည်းများ ၊ ဒေသခံများအကြား သိရှိရန်လိုအပ်ပါကြောင်း ၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေ ရင်းမှ ရန်ပုံငွေခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းကို (၃)နှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရပါက မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှုအမွှေအနှစ်များကို ကမ္ဘာ့နိုင်ငံများက ပိုမိုသိရှိလာပြီး ရှေးဟောင်းအမွှေအနှစ်ယဉ်ကျေးမှု သမိုင်း၊ ဇီဝမျိုးစုံမျိုးကွဲ သဘာဝအလှတရားများ တစ်စုတစ်စည်းတည်းကို ဘူမိဥယျာဉ်တွင် တွေ့ရှိရမည်ဖြစ်ပါကြောင်းနှင့် ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်သတ်မှတ်နိုင်ရန် စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သော ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့်ကော်မတီအဖွဲ့ဝင်များမှဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၃၈၅၈) တန်၊ သစ်မာ (၁၁.၈၁၄၆)တန်၊ အခြား (၃၂.၀၁၄၈)တန်၊ စုစုပေါင်း (၅၈.၂၁၅၂) တန်၊ ယာဉ်/ ယန္တရား (၁၈)စီး၊ တရားခံ (၁၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၁-၂၀၂၄ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာဘိနယ်၊ ချောင်းသာမြို့၊ မကျီးချောင်ချောင်းအတွင်းမှ တရားမဝင် အခြားသစ်/ လုံးပတ် (၃)ပေအောက်သစ် စုစုပေါင်း (၄၄၇)လုံး (၄၀.၃၇၄၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။