၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃) အစီ အစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် FD-MLC-Medicinal Plants စီမံကိန်း၏ “ဆေးဖက်ဝင် အပင် မျိုးစိတ်များ လေ့လာမှတ်တမ်းတင်ခြင်းနှင့် ထူးခြားဂုဏ်သတ္တိ ဒြပ်ပေါင်းပါဝင်မှုကို ဆန်းစစ် ဖော် ထုတ်ခြင်းနည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ကို ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီက AFoCO RETC သင်တန်းကျောင်းရှိ AFoCO Hall တွင် ကျင်းပသည်။ သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဖေချစ် (မူဝါနဒနှင့် စီမံကိန်း)က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းဒေသရှိ ဒေသခံဌာနေတိုင်းရင်းသားများ အသုံးပြု လျက်ရှိသော ဆေးဖက်ဝင် အပင်မျိုးစိတ်များအား ကွင်းဆင်း စုဆောင်း ကောက်ယူ၍ ၎င်းတို့၏ နမူနာအစိတ်အပိုင်းများကို ဓာတ်ခွဲစမ်းသပ်ရာမှ ဖော်ထုတ်ရရှိသော ထူးခြားဂုဏ်သတ္တိ ပါဝင်မှုကို ဆန်းစစ်လေ့လာ ဖော်ထုတ်ခြင်း နည်းပညာဆိုင်ရာ တွေ့ရှိချက် များအား ဆက်စပ်သောဌာနများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနမှ အရာထမ်းများ နှင့် တွေ့ဆုံဆွေးနွေး ဖလှယ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ကိုယ်စားလှယ် စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။အလုပ်ရုံဆွေးနွေးပွဲတွင် သုတေသနပညာရှင်(၇)ဦးမှ ဆေးဖက်ဝင်အပင်မျိုးစိတ်များ လေ့ လာဖော်ထုတ်မှတ်တမ်းတင်ခြင်းဆိုင်ရာ တွေ့ရှိချက်များ၊ ဆေးဖက်ဝင်အပင်များကို ဓာတ်ခွဲ စမ်း သပ်ခြင်းဆိုင်ရာ နည်းစနစ်များ၊ တွေ့ရှိချက်များ၊ ဆေးဖက်ဝင်အပင်များတွင် ပါဝင်သည့် ထူးခြား ဂုဏ်သတ္တိရှိ ဓာတုဒြပ်ပေါင်းပါဝင်မှု စမ်းသပ်တွေ့ရှိမှုအား ဆွေးနွေး ပြောကြားကြမည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။

(၁၀-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၊ ကလောမြို့နယ်၊ သီခေါင်တောင်ကြိုးပြင်ကာကွယ်တော၊ ပြည်ထောင်စုလမ်းမကြီးဘေး မိုင်တိုင်အမှတ် ၈၇ အနီးတွင် ကမ္ဘောဇဖေါင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍အင်းခေါင်းဆည်ရေဝေရေလဲဒေသအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပဆောင်ရွက်ခဲ့ရာ ကမ္ဘောဇဖေါင်ဒေးရှင်း နာယကကြီးနှင့်တကွ တာဝန်ရှိသူများ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ပြည်နယ်ညွှန်ကြးရေးမှူးနှင့် ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ စုစုပေါင်း (၃၅၀)ဦးတက်ရောက်ခဲ့ပြီး၊ ချယ်ရီ(၄၀)ပင်၊ စိန်ပန်းနီ(၃၀)ပင်၊ စိန်ပန်းပြာ(၃၀)ပင်၊ ထင်ရှူး(၈၀၀)ပင်၊ စုစုပေါင်း (၉၀၀)ပင်တို့အား ၁၂'×၁၂' ပန္နတ်ဖြင့် (၃)ဧက အားစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်အရ အောင်လံခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီနှင်ခရိုင်သစ်တောဦးစီးဌာနတို့၏ဦးဆောင်မှု ဖြင့် (၉-၈-၂၀၂၅) ရက်၊ နံနက် (၀၉း၀၀) နာရီအချိန်တွင်၊ အောင်လံမြို့နယ်၊ ဘွက်ကြီးရေပေါ်ကြိုးဝိုင်း၊အကွက်မှတ် (၆၁) အတွင်း (၁၁.၇.၂၀၂၅) နေ့ ကစိုက်ပျိုးခဲ့သည့် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှု အသွင်အပြင် စိုက်ပျိုးခဲ့သော (တမာ၊ပိတောက်၊ မြန်မာကုက္ကို၊ ဖျောက်ဆိပ်၊ စိန်ပန်းကြီးပင်) (၉၀၀) ပင်အားလူထုလှုပ်ရှားမှုအသွင်ဖြင့် သေပင်ဖာထေးခြင်း၊ ပေါင်းရှင်းခါးဆွခြင်း၊ နွားချေး/ ကြက်ချေး/ သဘာဝမြေသြဇာကျွေးခြင်း၊ ပုလဲမြေသြဇာကျွေးခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးခြင်း လုပ်ငန်းများအား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်တင်၊မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် နှင့် သစ်တော/ စိမ်းစို ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများ (၂၅၀) ဦး ပူးပေါင်းပါဝင်၍ စိုက်ပင် (၉၀၀) အနက် သေပင် (၅၀) ပင် ဖာထေးခြင်း၊ နွားချေး မြေသြဇာ ( ၅၇ ) တင်းကျွေးခြင်း၊ ပုလဲ မြေသြဇာ ( ၁၀ ) ပြည်ကျွေးခြင်း၊ ပေါင်းရှင်းခါးဆွခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ကြောင်းသတင်းရရှိသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ စီမံကိန်းလုပ်ငန်းများကြီးကြပ်မှုကော်မတီ( Project Monitoring Committee - PMC) ၏ ၁/၂၀၂၅-၂၀၂၆ ကြိမ်မြောက်အစည်းအဝေးကို (၆-၈-၂၀၂၅) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်(၀၈း၀၀)နာရီ အချိန်တွင်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။ အစည်း အဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်( မူဝါဒနှင့်စီမံကိန်း )၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းအသီးသီးမှ တာဝန်ခံများနှင့်ကိုယ်စားလှယ်များ တက်ရောက်သည်။ ဦးစွာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောကဏ္ဍသည် နိုင်ငံ့ဧရိယာ၏ ၅၀%ကို သစ်တောဖုံးလွမ်းရေးကြိုးပမ်းနေသလို တဖက်တွင်လည်း စိန်ခေါ်မှုများရှိနေကြောင်း၊ ပြည်ပ အကူအညီရငွေနှင့် နည်းပညာအထောက်အပံ့များရယူ၍ စီမံကိန်းဆောင်ရွက်သည့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အနည်းဆုံးကုန်ကျစရိတ်နှင့်အများဆုံးအကျိုးရှိအောင်ဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းအသစ်များ ဖော်ထုတ်နိုင်ရန် Project proposal များလည်း ကြိုတင်ပြုစုရမည်ဖြစ်ကြောင်း၊ PMC အနေဖြင့် ဆောင်ရွက်ဆဲစီမံကိန်းများ၏ Work plan, Budget planများကို စောင့်ကြည့်တည့်မတ်နေမည်ဖြစ်ကြောင်းနှင့် PMC အစည်းအဝေးကို ပုံမှန် ၆ လတစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်းပြောကြားသည်၊၊ အစီအစဥ်အရ သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်စပ်လျဥ်း၍ စီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ ပြည်ပအကူအညီရငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း(၈)ခုနှင့်ပြည်ပနည်းပညာအထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း(၈)ခု တို့၏ ဆောင်ရွက်မှုများနှင့်စပ်လျဥ်း၍ စီမံကိန်းတာဝန်ခံဌာနများမှ ကိုယ်စားလှယ်အသီးသီးတို့ကလည်းကောင်း ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီးညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုများအပေါ် အနှစ်ချုပ်သုံးသပ် လမ်းညွန်မှုပြုပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို နေ့လယ် ၁၂း၀၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၄-၈-၂၀၂၅ ရက်နေ့၊ တနင်္လာနေ့ နံနက် (၀၆:၀၀)နာရီအချိန်တွင်ဇေယျာသီရိမြို့နယ်၊ ရေဆင်း၊သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ဝန်းရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများတက်ရောက်ကြပါသည်။အခမ်းအနားအစီအစဥ်အရပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအားဘုရားအနေကဇာတင်လှူပူဇော်ပြီးနောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ၊ သစ်တောဝန်ထမ်းမိသားစုများမှ အရုဏ်ဆွမ်းအလှူဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ကြသည့် ပရိတ်တရားတော်များကိုနာယူခြင်းနှင့် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်တကွလှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေတရားနာယူခဲ့ကြကြောင်းသိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၈-၇-၂၀၂၅)ရက်နေ့မှ (၃-၈-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၄.၃၃၁၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၀.၂၆၄၂)တန်၊ သစ်မာ (၁၂.၈၇၂၄)တန်၊ အခြား (၃၄.၉၇၈၂)တန်၊ စုစုပေါင်း (၉၈.၁၁၄၈)တန်၊ ယာဉ်/ယန္တရား (၈)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၈-၂၀၂၅ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မြို့မ(၂)ဘိနယ်၊ ရတနာပုံတံတား အောက် သစ်ဖောင်ဆိပ်ကမ်းရှိ စစ်ကိုင်း-မန္တလေး ဇက်ရေယာဉ်ဆိပ်နေရာမှ တရားမဝင် ကျွန်း/ ပိတောက်ခွဲသား (၄၉၆)ချောင်း (၄၁.၂၀၁၈)တန်၊ ယာဉ် (၃)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ “ဝမ်ဗိုက် ကြိုးဝိုင်း၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မြောက်ဇာမရီတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းတို့၏ မြေယာဖုံးလွှမ်းမှုမြေပုံတို့ကို Remote Sensing နည်းပညာ အသုံးပြု၍ ဆန်းစစ်လေ့လာရေးဆွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/တက္ကသိုလ်မှ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ၎င်း၏ မဟာသိပ္ပံဘွဲ့သုတေသနစာတမ်းဖြစ်သည့် Change Detection of Mangrove Forests Using Deep Learning with Medium-resolution Satellite Imagery: A Case Study of Wunbaik Mangrove Forest ၏ တွေ့ရှိချက်ရလဒ်များအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက် နိုင်က မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ဒီရေတောများနှင့် ၂၀၂၅ ခုနှစ်၊ မြန်မာ့ဒီရေ တောများ ပေါက်ရောက်မှုအခြေအနေအား Advanced Remote Sensing နည်းပညာ အသုံးပြု၍ ဆန်းစစ်လေ့လာခြင်းအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းမြေ့အောင်-၂ က မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာတွေ့ရှိချက် များအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးဝေက တနင်္သာရီ သဘာဝကြိုး ဝိုင်း၌ မြေအသုံးချမှုဆန်းစစ်လေ့လာတွေ့ရှိချက်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ မှုများအပေါ် တက်ရောက်လာသူများ၏ဆွေးနွေးချက်များအား ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်း ဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့် သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာ တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ စိတ်ပါဝင်စားသူများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခေတ်မီနည်းပညာများအသုံးပြုသည့် သုတေသနရလဒ်များမှ သစ်တောဖုံးလွှမ်းမှုအား စောင့်ကြည့် လေ့လာအကဲဖြတ်ရာတွင်လည်းကောင်း၊ သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ ရေးဆွဲရာတွင် လည်းကောင်း အသုံးပြုသွားနိုင်ရန် ရည်ရွယ်ပြီး သစ်တောဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနမှ ဦးဆောင်ကျင်းပကြောင်းသိရသည်။

Pages